Author Image
Munich

November 11, 2025

ပေးစာ

ဂုဏ်ယူဝံ့ကြွားနိုင်စေဖို့

(တစ်)

ချစ်ညီလေးရေ...

          နေကောင်းတယ်မလား။ နောက်နှစ်နှစ်၊ သုံးနှစ်လောက်နေရင် ငါ့ညီလည်း အထက်တန်းအောင်ရောပေါ့။ ဂုဏ်ထူးတွေပါအောင်တော့ ကြိုးစားနော်။ အထက်တန်းအောင်ပြီးရင် ဘာလုပ်မလဲလို့ ညီလေးကို မေးလိုက်တိုင်း၊ မေးလိုက်တိုင်း အင်ဂျင်နီယာကြီးဖြစ်ချင်တယ်လို့ မပြောင်းမလဲ ဖြေခဲ့တာကို အစ်ကိုကြီး သတိရပါရဲ့။ ကလေးဘဝကတည်းက ခုထိ အင်ဂျင်နီယာဖြစ်ချင်တဲ့ ငါ့ညီလေး။ ဖြစ်ရမှာပေါ့။ အစ်ကိုကြီးလည်း ရှိနေတာပဲကို။

          အင်ဂျင်နီယာဆိုတာက ဘာသာရပ်တစ်ခု ဒါမှမဟုတ် အလုပ်အကိုင်တစ်ခုထက် ပိုပါတယ် ညီလေးရေ။ အင်ဂျင်နီယာဆိုတာက တွေးနည်းခေါ်နည်းတစ်မျိုးကို ပိုင်ဆိုင်ခြင်း (သို့) ပိုင်ဆိုင်သူတွေပဲကွ။ အကယ်၍ မင်းက ပြဿနာတစ်ခု တွေ့ပြီဆိုပါစို့၊ အဲဒီပြဿနာကို မင်းဘယ်လို ဖြေရှင်းလို့ရနိုင်မလဲ ဆိုတာကို အဘက်ဘက်က စဉ်းစားမယ်။ အဲဒီထဲကမှ အကောင်းဆုံးနည်းလမ်းကို ရွေးထုတ်ပြီး ဖြေရှင်းလိုက်တာ ပြဿနာကို ပြေလည်သွားတယ်ပေါ့။ အဲဒါဆိုရင် မင်းက အင်ဂျင်နီယာတစ်ယောက်ပဲ။ အင်ဂျင်နီယာဆိုတာက စက်တွေ၊ အဆောက်အအုံတွေနဲ့ ဆက်စပ်နေမှရယ်လို့ မဟုတ်ဘူး။ လက်တွေ့လူမှုဘဝမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်း ပေးနိုင်ရင် ရပြီ။ နောက်တစ်ဆင့် ထပ်တက်ရင်တော့ အဆင့်မြင့်စက်တွေ၊ လှပခမ်းနားထည်ဝါတဲ့ အဆောက်အအုံတွေကို မင်း ဖန်တီးနိုင်ရမယ်။ ဒီ့အတွက် ဆရာ လိုတယ်။ အစ်ကိုကြီး မေးမယ်ကွာ။ အင်ဂျင်နီယာ တစ်ယောက် ဖြစ်လာဖို့ လက်ဦးဆရာက ဘယ်သူလို့ထင်လဲ။ တခြား မဟုတ်ဘူး ငါ့ညီ။ စူးစမ်းလိုစိတ်ပဲ။ ငါ့ညီရဲ့စိတ်ဟာ ဖျတ်လတ်မယ်၊ တက်ကြွမယ်၊ စူးစမ်းလိုမယ်ဆိုရင် အင်ဂျင်နီယာ ဖြစ်ဖို့က အလှမ်းမဝေးဘူးပေါ့။ မစူးစမ်းဘဲ သင်တဲ့အတိုင်းသာ မှတ်ရုံမှတ်မယ်၊ ဘောင်ထဲကပဲ တွေးပြီး ဖောက်ထွက်မတွေးဘူးဆိုရင်တော့ အင်ဂျင်နီယာဖြစ်ဖို့ တစ်သက်လုံး မမျှော်လင့်နဲ့တော့ပေါ့။

          နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်ဖို့လည်း အရေးကြီးသေးတယ်။ ကိုယ့်ဉာဏ်ကို ဘယ်သူမှ မယုံရင်နေ၊ ကိုယ်ကတော့ ယုံရမယ်။ အစ်ကိုကြီးပြောတာက Confidence ရှိဖို့ပါ၊ အထင်ကြီးဖို့၊ ဘဝင်မြင့်ဖို့ မဟုတ်ဘူးဆိုတာ ငါ့ညီလေး နားလည်မှာပါ။

(နှစ်)

ချစ်ညီလေးရေ...

          ကြိုတင်ပြင်ဆင် အောင်ပွဲဝင်တဲ့။ ပွဲမဝင်ခင်က ပြင်ကကျင်းပတဲ့။ အချိန်နဲ့ ဒီရေသည် လူကိုမစောင့်တဲ့။ အချိန်ရှိခိုက် လုံ့လစိုက်တဲ့။ မိုးလွန်မှ ထွန်ချလို့ မရဘူးတဲ့။ ညီလေးက တက္ကသိုလ်မှာ အင်ဂျင်နီယာမေဂျာ ယူချင်တယ်ဆို Grade-10 ကနေ 12 အထိမှာ သေချာ Foundation ခိုင်မာအောင် လုပ်ထားရမယ်နော်။ အထူးသဖြင့် အင်္ဂလိပ်စာပေါ့။ ကျောင်းစာမှာ ပါတာက နည်းနည်းလေးတင်။ အပြင်ကနေ လေ့လာ။ Grammar ကတော့ ကျောင်းမှာပါတာနဲ့တင် လုံလောက်ပေမဲ့ Vocabulary ကတော့ အပြင်သင်တန်းတွေ၊ စာအုပ်တွေနဲ့ ဖြည့်ရမှာပေါ့။ Listening အတွက် Podcast တွေ နားထောင်တာမျိုး လေ့ကျင့်ပေး။ Speaking အတွက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ အချိန်တစ်ခုသတ်မှတ်ပြီး ပြောကြည့်ကြည့်။ တစ်ပတ်ကို Essay သုံးပုဒ်ရေး။ Reading အတွက် Novel တွေ ဖတ်။ ဒါဆို လုံလောက်ပြီ။ ဘာလို့ အစ်ကိုကြီးက ခုလိုပြောနေရတာလဲဆိုရင် နောင် တက္ကသိုလ်တက်ရင် (အထူးသဖြင့် အနောက်နိုင်ငံတွေမှာဆိုရင်) ငါ့ညီက အင်္ဂလိပ်စာတကယ်မကျွမ်းခဲ့ရင် အခက်တွေ့မှာပေါ့။ ဘာကိုဆိုလိုချင်မှန်း ကိုယ်က မသိ၊ ကိုယ်ပြောချင်တာကိုလည်း မပြောတတ်နဲ့ ဖြစ်မှာ။

          နောက်တစ်ခုကတော့ သင်္ချာပေါ့လေ။ ဖော်မြူလာတွေ ပိုင်အောင်ကျက်ထား။ Slope Formula၊ Trigo၊ Log တွေ အားလုံးက အရေးပါလာလိမ့်မယ်။ Logic ကျကျ တွေးခေါ်နိုင်အောင် ဦးနှောက်ကို လေ့ကျင့်ပေး။ ရူပကိုလည်း ချစ်ရမယ်။ ဘာလို့ဆို အင်ဂျင်နီယာက ရူပဗေဒနဲ့ တိုက်ရိုက်ဆက်စပ်နေတာမလို့။ ကျန်တဲ့ဘာသာတွေလည်း ဂုဏ်ထူးထွက်အောင် ကြိုးစားပြီး GPA 3.7 အထက် ရအောင် လုပ်ပါ။ ဒါဆို မင်းကို ဘယ်ကျောင်းကမှ ငြင်းရဲမယ် မထင်။

          ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးသဟ။ မင်း ခုအိမ်မှာနေသလို ပေါ့ပေါ့ပါးပါး ကျောင်းနဲ့ အိမ်နဲ့ ကူးပြီး စာလေးကျက်ရုံနဲ့တော့ မရဘူး။ Projectတွေ၊ Presentation တွေလည်း အများကြီးလုပ်ရမှာ။ ကိုယ်နဲ့မသိဖူးတဲ့ တိုင်းခြားသားတွေနဲ့ ဆက်ဆံရမှာမို့ လူရည်လည်ဖို့လိုတယ်၊ အကင်းပါးဖို့လိုတယ်၊ ပေါင်းတတ်သင်းတတ် ပြောတတ်ဆိုတတ်ဖို့ လိုတယ်။ Teamwork ကောင်းရမှာပေါ့…ညီလေးရေ။

(သုံး)

ချစ်ညီလေးရေ...

          အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့က အသိပညာဗဟုသုတ ကြွယ်ဝပြည့်စုံရုံနဲ့ မရဘူးပေါ့ကွ။ စိတ်ဓာတ်သန်မာဖို့ လိုအပ်တယ်။ အခု မင်းအစ်ကိုကြီးကို ကြည့်ကြည့်လိုက်စမ်း။ MIT လို တက္ကသိုလ်မျိုး ပညာသင်ရလို့ ပျော်နေရပေမဲ့ တစ်ဖက်မှာ Academic Performance မကျအောင် လုံးပန်းခဲ့ရလို့ Sleep Deprivation ဖြစ်ပေါင်းလည်း များလှပြီ။ ပရော်ဖက်ဆာလို့ခေါ်တဲ့ ပါမောက္ခကြီးတွေက စာကို လုံးစေ့ပတ်စေ့ ခရေစေ့တွင်းကျ သင်ပေးတယ် မအောက်မေ့လေနဲ့။ သူတို့က လမ်းပဲပြပေးတာ။ ကိုယ့်ဘာသာလေ့လာ၊ ကိုယ့်ဘာသာသင်ယူ၊ မရှင်းတာရှိရင် ကိုယ့်ဘာသာစဉ်းစား၊ လုံးဝမရတော့ရင် သူတို့ကိုမေး။ အဆောင်ရောက်တာနဲ့ ပါလာတဲ့ Lecture တွေ ပြန်ကြည့်ရတာ။ စာတကယ်မလုပ်ထားရင်တော့ Exam တွေမှာ ကျပေရောပေါ့။ ဒါ့ကြောင့် ဖိအားတွေအများကြီး အစ်ကိုကြီးအပေါ် ရှိနေတယ်။

          ဒါပေမဲ့လည်းပေါ့လေ။ စိတ်ဓာတ်တော့ မကျပါဘူး ငါ့ညီရယ်။ နောက်ထပ် နှစ်နှစ်ပြီးတာနဲ့ ဘွဲ့ရတော့မှာပဲဟာ။ အစ်ကိုကြီးအားတင်းထားပါတယ်။ အကောင်းဆုံးသောမိတ်ဆွေက ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လားလေ။

          ညီလေးလည်း ကိုယ်ကာယဗလအပြင် စိတ်ဉာဏဗလပါ တောင့်တင်းအောင် လေ့ကျင့်ထားပေါ့။ Resilience တဲ့။ သိပ်အရေးကြီးတာ။ ဟိုရောက်လို့ Stress တွေပိပြီး ငိုနေလို့ မရဘူးလေ။ Resilience မရှိရင် အစ်ကိုကြီးလည်း ညီလေးကို လာကယ်လို့ ရမှာမဟုတ်ဘူး။

(လေး)

ချစ်ညီလေးရေ...

          ဂိမ်းမဆော့ဖို့၊ ရည်းစားမထားဖို့၊ လောင်းကစားမလုပ်ဖို့နဲ့ တခြား မလိုတာမလုပ်ဖို့တွေကိုတော့ အစ်ကိုကြီး အထူးမမှာလိုတော့ပါဘူး။ အစ်ကိုကြီးနဲ့ လက်ပွန်းတတီးနေလာခဲ့ပြီး အစ်ကိုကြီးရဲ့ ဆုံးမမှုအရိပ်အာဝါသအောက်မှာ တစ်ချိန်လုံးရှိနေခဲ့တဲ့ ညီလေးဟာ ဆိတ်ကွယ်ရာမှာလည်း ဒီလိုမကောင်းမှုတွေ မလုပ်ဘူးလို့ အစ်ကိုကြီး ယုံကြည်ပါတယ်။

          လိုအပ်တဲ့ စွမ်းရည်တွေ၊ အတွေးအခေါ်တွေ၊ စိတ်ဓာတ်တွေ၊ အလေ့အကျင့်တွေ ဖြည့်ထားနော်။ သိပ်မကြာခင်မှာ ညီလေးလည်း အစ်ကိုကြီးလို ဖြစ်စေရပါမယ်။ မဖြစ်နိုင်စရာရော ဘာအကြောင်း ရှိသလဲ။

          ရည်မှန်းချက်ကြီးသော၊ စဉ်ဆက်မပြတ် ကြိုးစားသော၊ လိမ္မာရေးခြားရှိသော ညီလေးအတွက် အစ်ကိုကြီး သိပ်ဂုဏ်ယူမိပါတယ်။ ညီလေးရဲ့ အိပ်မက်တွေဟာ Imagination အဆင့်မှာတင် ရပ်တန့်မနေဘဲ Implementation အဆင့်ထိ ရောက်လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲကွယ်။