Author Image
Mr. George Newton

May 21, 2025

ရသစာတမ်း

သင်္ချာမရှိခဲ့လျှင်

          သင်္ချာမရှိခဲ့ရင် ဘာဖြစ်မယ် ထင်လဲ။ သိပ်ဖြစ်မှာပေါ့ဗျာ။ ဆိုးဆိုးရွားရွား ဖြစ်မှာပေါ့။ အရာရာ ပြောင်းလဲသွားမယ်လေ။ သင်္ချာဆိုရင် လူတွေက အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားကိုပဲ ပြေးမြင် ကြတယ်။ တကယ်တော့ သင်္ချာဆိုတာ ကမ္ဘာကြီးကို လေ့လာရာမှာ မရှိမဖြစ် အသုံးပြုရမယ့် အရာလို့ ဆိုရပါလိမ့်မယ်။

သင်္ချာထဲမှာ ပေါင်း၊ နုတ်၊ မြှောက်၊ စားတင်မကသေးဘူး။ ဟာ…ဒါဆို ဘာတွေပါသေးတာတုန်း။ ပါတာတွေကတော့ အများကြီးပါပဲ။ မောင်ရင် မလောပါနဲ့။ ကျုပ် ပြောပါ့မယ်။ အရင်ဆုံး အရေးကြီးတဲ့ သီအိုရီတွေ၊ သင်္ချာရဲ့ အရေးပါတဲ့ အကြောင်းအရာတွေကို အရင်ပြောမယ်ဗျာ။ ပထမအနေနဲ့ကတော့ ကိန်းဂဏန်း။ မောင်ရင့်အမြင် အရင်မေးပါရစေဦး။ ကိန်းဂဏန်း မရှိရင် ဘာဖြစ်မလဲ။ အဲ… တစ်နည်းအားဖြင့် သင်္ချာမရှိရင်ပေါ့လေ။ လက်တွေ့ကျကျ စဉ်းစားကြည့်ရအောင်။ ဥပမာတစ်ခုအနေနဲ့ မောင်ရင်က ဗိုက်အရမ်းဆာနေတယ်။ ဒါကြောင့် မုန့်ဆိုင်သွား။ မုန့်ဝယ်။ အဲဒီထိ အိုကေပဲ။ မုန့်ဝယ်တဲ့ နေရာကျတော့ မအိုကေတော့ဘူး။ ဘယ်နှခုယူမယ်၊ ဘယ်လောက်ကျတယ်ဆိုတာ သိဖို့ လိုလာပြီ။ ဒါကြောင့် ဂဏန်းကို ပထမ ထားရတာပေါ့။ ကမ္ဘာလောကကြီးမှာ ဟောဒီက ကိန်းဂဏန်းတွေသာ မရှိရင် လူတွေက စကားမပြောတတ်သလိုလို၊ သွက်ချာပါဒစွဲကပ်လာသလိုလို၊ ဝမ်းတွင်းရူးဖြစ်နေသလိုလို၊ တစ်ခုခု လိုနေသလိုလို ဖြစ်တတ်ကြတယ်။ အဲဒီကိန်းဂဏန်းတွေက ဘယ်ကလာတာလဲ။ သင်္ချာကလေ။ မောင်ရင် ဆက်တွေးကြည့်ပေါ့။

ဒုတိယတစ်ခုက သင်္ချာမှာ အရေးကြီးဆုံးလို့ မောင်ရင်တို့ ထင်ခဲ့တဲ့ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား၊ ထပ်ညွှန်း၊ ထပ်ကိန်းရင်း စတဲ့ Operation တွေပဲ။ အခြေခံ Basic Operation ကနေ အဆင့်မြင့် Advanced Operation အထိ ရှိပါတယ်။ Operation တွေ မရှိဘူးဆိုရင်ရော။ Advanced ထိ မတွေးသေးနဲ့ဦး။ အခြေခံ Operation တွေ မရှိရင်ရော။ အဲဒီလို မရှိရင် ကမ္ဘာကြီး ဇောက်ထိုး ဖြစ်ကုန်လိမ့်မယ်။ ပိုနားရှင်းအောင် သာဓကဆောင်ရရင် ခုနက သာဓကကိုပဲ ပြန်ယူပါရစေ။ ကိန်းဂဏန်းတွေတော့ ရှိပါရဲ့၊ သိပါရဲ့။ Operation ညီနောင်တွေ မရှိခဲ့ရင်။ အထူးသဖြင့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားဆိုတဲ့ ညီနောင်လေးဖော်ပေါ့။ မောင်ရင်က မုန့် ၃ ခု စားမယ်။ တစ်ခုကို ၅၀ ကျပ်။ စုစုပေါင်း ဘယ်လောက်ပေးရမလဲ။ မောင်ရင်တွက်ဖို့ လိုအပ်လာပြီ။ သေချာပေါက် ကိန်းဂဏန်းတွေ တင် မရတော့ဘဲ Operation ပါ လိုလာပြီ။ မောင်ရင်က အပေါင်းနဲ့ တွက်ရင် 50 + 50 + 50 = 150 ကျပ်။ အမြှောက်နဲ့ တွက်ရင် 3 x 50 = 150 ကျပ်။ (စာကြွင်း၊ တူညီသော ကိန်းများ များပြားစွာ ပေါင်းရရင်တော့ အမြှောက်ပဲသုံးပေါ့၊ သင့်တော်သလို သုံးရမှာ)။ ဘယ်လိုပဲ သုံးသုံး မောင်ရင်ရာ။ Operation တွေကို သုံးရမှာပဲ။ ဒီ Operation တွေသာ မရှိရင် မောင်ရင် စျေးဘယ်လို ဝယ်မလဲ။ စီးပွားရေးအခြေခံ သဘောတရား ဖြစ်တဲ့ ကူးသန်းရောင်းဝယ်ရေးကို ဒီ Operator မရှိဘဲ လုပ်လို့ရပါ့မလား။ သေချာ စဉ်းစားကြည့်ပေါ့။ မောင်ရင် ထိုင်နေရုံကလွဲပြီး ဘာလုပ်ရပါမလဲ။ ဒီကိစ္စကို သိကြားမင်းတွေ၊ နတ်တွေက ကူနိုင်မှာ မဟုတ်ဘူး။ သင်္ချာဆိုတဲ့ပညာရပ်ကသာ ကူနိုင်မှာ။

Maths

နောက်တစ်ခုက အဲ…တတိယတစ်ခုလို့ ဆိုပါတော့။ ဒါကတော့ မောင်ရင်ရဲ့…သင်္ချာ (၂) ဘက်များ နည်းနည်း ရောက်နေမလားပဲ။ အို…ဒါဖြင့် လိုရင်းကို ပြောမယ်ဗျာ။ အဲဒါက ပုံသဏ္ဍာန်ဗျ။ ပုံသဏ္ဍာန်။ မောင့်ရင်အနေနဲ့ စောဒက တက်နိုင်ပါတယ်။ ပုံသဏ္ဍာန်ကို နေ့စဉ်အသုံးပြုနေတာပဲ၊ ဘာဖြစ်လို့ နံပတ် ၃ နေရာ ထားရတာလဲပေါ့။ အရေးပါမှုချင်းယှဉ်ရင် ပုံသဏ္ဍာန်က ကိန်းဂဏန်းနဲ့ တွက်ချက်ခြင်းလောက် အရေးမပါဘူးလို့ ပြောလို့ရတယ်။ ဥပမာတစ်ခုပေးမယ်ဗျာ။ တစ်ခုက စျေးဝယ်တဲ့ဥပမာ။ ထွန်းထွန်းက စက်ဝိုင်းပုံ နာရီလေး လာဝယ်တယ်။ ဒါပေမဲ့ သူက ပုံသဏ္ဍာန်အကြောင်း မသိဘူးဗျာ။ ဒီတော့ စက်ဝိုင်းတွေ၊ ဘာတွေ မပြောတတ်ဘူး။ အခေါ်အဝေါ်တွေလည်း မသိဘူး။ အကြီးအသေးလည်း မသိဘူး။ လက်ကလေးနဲ့ ဝိုင်းပြတယ်။ အိုကေသွားတယ်။ ဒါပေမဲ့ မအိုကေတာ ရှိတယ်။ ဝယ်တဲ့အခါကျ ကိုယ့်မှာပါလာတဲ့ငွေ၊ နာရီရဲ့ ကျသင့်ငွေ။ ဒီနှစ်ခုရဲ့ တန်ဖိုးကို ဂဏန်းနဲ့ ဖော်ပြရတယ်ဗျာ။ ဒါကြောင့် ဂဏန်းက ပိုအရေးကြီးတယ်။ တစ်ခါ ဂဏန်းချည်းပဲ မရဘဲ တွက်ချက်ပြရတယ်။ ဒါ့ကြောင့် Operation ကလည်း အရေးကြီးတယ်။ ပြီးမှ ပုံသဏ္ဍာန်လာတာပေါ့။ ပုံသဏ္ဍာန်က မသိလည်း ရတယ်လေ။ မသိလည်း ရတယ်ဆိုပေမဲ့ သိထားရင်တော့ ပိုကောင်းတာပေါ့။ မောင်ရင့်ဘက်က စောဒကတက်နိုင်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ ရှေးခေတ်ကလို ပစ္စည်းချင်း ဖလှယ်လို့ ရတယ်ဆိုပြီး ပြောနိုင်ပါတယ်။ လဲလှယ်မယ် ဆိုရင်လည်း ရတယ်ဆိုပေမဲ့ မရတော့ မရဘူး ခင်ဗျ။ ဘာပြုလို့လဲဆိုတော့ လဲလှယ်ရင် အမြတ်အရှုံးသိဖို့ လိုတယ်။ ဆိုကြပါစို့။ မောင်ရင်နဲ့ ကျုပ်နဲ့ လဲလှယ်ကြမယ်။ ကျုပ်မှာက ရွှေတစ်ပိဿာနဲ့ မောင်ရင့်မှာက ငွေ ၅၀ ကျပ်သား ရှိတယ်။ ၅၀ ကျပ်သားဆိုတာက တစ်ပိဿာရဲ့ တစ်ဝက်။ ကျုပ်နဲ့ မောင်ရင် လဲရင် ဘယ်သူရှုံးမလဲ သိလား။ မောင်ရင်ရှုံးမှာပေါ့။ ဒီတော့ ဂဏန်းတွေ၊ အတွက်အချက်တွေက ဘယ်လောက် အရေးပါတယ်ဆိုတာ မောင်ရင် သိသွားမှာပါ။

ပုံသဏ္ဍာန်က ရှေ့ကနှစ်ခုလောက်သာ အရေးမကြီးတာ သိကို သိရမယ့်ထဲမှာပါတယ်။ သိသင့် တယ်ပေါ့။ အင်္ဂလိပ်လိုဆို You Must မဟုတ်ဘဲ You Should ပေါ့ မောင်ရင်ရာ။ ဟုတ်ပြီ။ ပုံသဏ္ဍာန်က ဘာကြောင့်အရေးကြီးတာလဲ။ ကမ္ဘာလောကကြီးက ပုံသဏ္ဍာန်မျိုးစုံနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ မောင်ရင် သိရဲ့လား။ ဗုဒ္ဓဘာသာအရ သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောကထဲမှာ ကျုပ်ပြောတဲ့လောကက ဩကာသလောကပါ။ ဩကာသလောကမှာ အမျိုးမျိုးအဖုံဖုံသော ပုံတွေ ပျံ့နှံ့တည်ရှိနေကြတယ်။ အဲဒီပုံတွေကို နှစ်မျိုးခွဲလို့ရတယ်။ ပုံသဏ္ဍာန်အတည်တကျ ရှိသော ပုံများ (Regular Shapes) နဲ့ ပုံသဏ္ဍာန်အတည်တကျ မရှိသော ပုံများ (Irregular Shapes) ဆိုပြီးတော့ပေါ့။ ကျုပ်တို့အိမ်တွေဆောက်တဲ့အခါ၊ မုန့်တွေလုပ်တဲ့အခါ၊ ပစ္စည်းတွေထုတ်တဲ့အခါမှာ သုံးရပါတယ်။ မောင်ရင့်အနေနဲ့ ဒီပုံသဏ္ဍာန်တွေ တိတိကျကျ မသိဘူးဆိုရင် မခက်ချေဘူးလား။ ဟိုပုံလေးနဲ့ မုန့်လေး ပေးပါ၊ ဒီလိုမျိုး ပစ္စည်းလေး ဝယ်ချင်လို့ပါ ပြောရမယ်ဆိုရင် ရောင်းသူဝယ်သူ ခက်ချေပြီလေ။ လက်နဲ့ ပုံသဏ္ဍာန်လုပ်ပြတာက သတ်သတ်မှတ်မှတ် Consistency မရှိတဲ့အတွက် ရှုပ်ထွေးစေမှာ အမှန်ပါပဲ။

Maths

ဒီတော့ ကျုပ်စာရှည်ပြီမလို့ နိဂုံးချုပ်ပါတော့မယ်။ မောင်ရင်နဲ့ ကျုပ်နဲ့ ပြိုင်မငြင်းချင်ဘူး။ ကိုယ့်ယူဆချက်နဲ့ ကိုယ်ပေါ့။ အခု ကျုပ်ပြောတာက လုံးဝ အခြေခံကျတဲ့ Fundamental Concept တွေပဲ။ အဆင့်မြင့်တဲ့ Advanced Concept တွေထိ မပြောသေးဘူး။ အဲ…တစ်ခုတော့ ရှိတယ်ဗျ။ မောင်ရင် ကျုပ်ပြောတာကို မယုံဘူး၊ သင်္ချာဆိုတာ အလကားပါကွာလို့ ထင်နေဆဲ၊ ထင်နေတုန်းဆိုရင် မနက်ဖြန်က စလို့ ကိန်းဂဏန်းတွေ၊ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားတွေ၊ ပုံသဏ္ဍာန်တွေ မသုံးဘဲ နေကြည့်လိုက်။ မနက်ဖြန်ဆိုတာ ကြာသေးတယ်။ အခုပဲ နေကြည့်လိုက်တော့။ သင်္ချာမရှိခဲ့ရင် မောင်ရင် ဘာဖြစ်သွားမလဲ။ အဖြေကိုယ့်ဘာသာပဲ ရှာကြည့်လိုက်ပါ။ မောင့်ရင်အတွက် လွယ်ကူလာမလား၊ ခက်ခဲသွားမလား။