October 22, 2025
ဆောင်းပါး
အနန္တစကြဝဠာ၊ အပြိုင်စကြဝဠာ
မနက်တိုင်း မေတ္တာပို့တဲ့အခါ ကြားနေရတဲ့ အနန္တ စကြဝဠာ၊ အနန္တသတ္တဝါတို့ ဆိုတဲ့ စကားဟာ ကျွန်မတို့နဲ့ သိပ်မစိမ်းသက်လှပါဘူး။ ဗုဒ္ဓဘာသာ အယူအရ မမြင်တွေ့နိုင်တဲ့ စကြာဝဠာပေါင်း များစွာ မရေတွက်နိုင်အောင် ရှိနေပါတယ်လို့ ဆိုလိုတာပါ။ ကျွန်မတို့ နေနေတဲ့ စကြဝဠာဟာ စူဠစကြာဝဠာဖြစ်ပြီးတော့ စူဠစကြဝဠာပေါင်း ကုဋေတစ်သိန်းကို မဇ္ဈိမစကြဝဠာ၊ မဇ္ဈိမစကြဝဠာပေါင်း ကုဋေတစ်သိန်းကို မဟာစကြဝဠာ၊ မဟာစကြဝဠာပေါင်း ကုဋေတစ်သိန်းကိုတော့ အနန္တစကြဝဠာဆိုပြီးတော့ ခေါ်ဆိုသတ်မှတ်ကြပါတယ်။ တခြားဘာသာတွေမှာလည်း သက်ဆိုင်ရာ နတ်ဘုရားတွေက ကြီးမားကျယ်ပြန့်တဲ့ စကြဝဠာကြီးကို ဖန်ဆင်းခဲ့တယ် ဆိုပါတယ်။
တကယ်လို့ မိတ်ဆွေအနေနဲ့ တစ်ပုံစံတည်း တူတဲ့သူတွေ အပြိုင်စကြာဝဠာတွေမှာ ရှိနေနိုင်တယ်လို့ ယုံကြည်ပါလား။ အပြိုင်စကြာဝဠာဆိုတာက မိတ်ဆွေတို့ အတိုင်းပဲ တခြားတစ်ဖက်မှာလည်းရှိနေတာပါ။ ဒီစကြဝဠာမှာ မိတ်ဆွေက ချမ်းသာနေပေမယ့် အပြိုင်စကြဝဠာမှာတော့ မိတ်ဆွေက ဆင်းရဲကောင်းဆင်းရဲနိုင်ပါတယ် ဒါမှမဟုတ် အချမ်းသာဆုံးသူလည်း ဖြစ်နေနိုင်ပါသေးတယ်။
အပြိုင်စကြဝဠာအကြောင်း (Parallel Universe) အကြောင်းကို ပြောရမယ်ဆိုရင်တော့ Big Bang Theory ကနေ စပြောရပါလိမ့်မယ်။ စကြဝဠာကြီး အစပြုပုံကို ဖော်ထုတ်ပြထားတဲ့ ကမ္ဘာကျော် သိပ္ပံပညာရှင် Stephen Hawkingရဲ့ Theory တစ်ခုပဲဖြစ်ပါတယ်။ Hawking ရဲ့ သီအိုရီအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃ ဘီလီယံကျော်က စကြဝဠာကြီးရဲ့ အစပဲဖြစ်ပါတယ်။ အရင်တုန်းက ဒြပ်ထုတွေရဲ့ အရွယ်အစားက အခု ဒြပ်ထုတွေရဲ့ အရွယ်အစားထက် ဘီလီယံပေါင်းများစွာ ပိုပြီးသေးငယ်ပါတယ်။ နောက်ပြီး သိပ်သည်းမှုအလွန်းများပြားတဲ့အခါ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးဖြစ်ပေါ်စေပါတယ်။
ပေါက်ကွဲမှုကနေ တစ်ဆင့် အချိန်ကြာလာတဲ့အခါ Atom တွေစတင်ဖြစ်ပေါ်လာပြီးနောက် ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာတွေ၊ ဂြိုဟ်တွေ၊ ကြယ်တာရာ အဖွဲ့အစည်းတွေ များစွာဖြစ်ပေါ်လာပါတယ်လို့ နောက်ထပ် Theory တွေက ဆိုပါတယ်။ ပေါက်ကွဲမှုက အလွန်အမင်းပြင်းထန်လှတဲ့အတွက် စွမ်းအင်လှိုင်းတွေက အဖက်ဖက်ကိုဖြာထွက်ပြီး ကျွန်မတို့ Universe လိုမျိုး တခြားသော Parallel Universe အပြိုင်စကြဝဠာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ယူဆကြပါတယ်။
နောက်တစ်ခုကတော့ ကျွန်မတို့အားလုံးသိကြတဲ့ Albert Einstein ရဲ့ သီအိုရီတစ်ခုပါ။ သူရဲ့ သီအိုရီကတော့ Space (အာကာသ) နဲ့Time (အချိန်) က သီခြားရှိနေတာမဟုတ်ဘဲ Space ~ Time လို့ ယူဆပြီး အာကာသဟင်းလင်းပြင်နဲ့ အချိန်က ဆက်နွှယ်နေတဲ့လို့ ဆိုပါတယ်။ သီအိုရီအရ အချိန်ကြာလာတာနဲ့အမျှ Space က တိုးလာပြီး တခြားသော စကြာဝဠာများဖြစ်ပေါ်နေတယ်လို့ တချို့သော သိပ္ပံပညာတွေက ယူဆကြပါတယ်။
Einstein နဲ့ Nathan Rosen တို့က Wormhole လို့ခေါ်တဲ့ စကြဝဠာတစ်ခုကနေ နောက်တစ်ခုကို ချိတ်ဆက်ပေးနိုင်တဲ့ အာကာသလမ်းကြောင်း ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်လည်း ရှိပါတယ်။ ဒီယူဆချက်ကို အခြေခံပြီး နာမည်ကြီးလှတဲ့ String Theory တို့ ဖြစ်ပေါ်လာတယ်။ String Theory တွေမှာ အသေးငယ်ဆုံးအရာတွေက Atom တွေအစား တုန်ခါနေတဲ့ အလွန်သေးငယ်သောကြိုးတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ၃ဖက်မြင် 3 Dimension အစား Dimension များစွာရှိနိုင်တယ်လို့ ယူဆကြတာပါ။ တကယ်လို့သာ ဒီသီအိုရီတွေသာ သက်သေပြနိုင်မယ်ဆိုရင် ကျွန်မတို့အကုန် သိချင်နေကြတဲ့ Parallel Universe အပြိုင်စကြဝဠာတွေ များစွာရှိနိုင်ပါလိမ့်မယ်။ အခုက Proof or Evidence (သက်သေပြချက် သို့ အထောက်အထား) ခိုင်ခိုင်မာမာ မရှိတဲ့အတွက် ပဟေဠိသဖွယ် ဖြစ်နေဆဲပါပဲရှင်။
မိတ်ဆွေတို့အမြင်အရ အပြိုင်စကြဝဠာဆိုတာ တကယ်ပဲရှိပါသလား။ အပြိုင်စကြဝဠာမှာရော မိတ်ဆွေအနေနဲ့ ဘယ်လိုပုံစံမျိုး ဖြစ်နေနိုင်မလဲ။ Wormhole ကနေတစ်ဆင့် တခြားစကြဝဠာတွေကိုရော ရှာတွေ့နိုင်ပါ့မလား။ တွေးကြည့်၊ စဉ်းစားကြည့်ကြပါဦးနော်။