Author Image
Novia

October 25, 2025

ဆောင်းပါး

စိတ်ကို လက်ဖြင့်ဆိတ်ခြင်း

          လူ့စိတ်က သိပ်ထူးဆန်းတာပါပဲ။ တွေးတောနိင်တယ်၊ မှတ်သားနိုင်တယ်၊ ခံစားနိုင်တယ်၊ စိတ်ကူးယဉ်နိုင်တယ်၊ အိပ်မက်မက်နိုင်တယ်။ တစ်ခါတစ်ခါ စိတ်သာရှင်စော၊ ဘုရားဟောဆိုတဲ့အတိုင်း စိတ်ရဲ့တန်ခိုးနဲ့ ရောဂါတွေတောင် ကုသလို့ ပျောက်ကင်းတာတွေ ရှိပါတယ်။ သိပ္ပံပညာရှင်တွေက စိတ်ဆိုတာ ဘာလဲ၊ ဘယ်လိုအလုပ်လုပ်တာလဲဆိုတာကို စနစ်တကျ လေ့လာခဲ့ကြပါတယ်။ သူတို့အဓိကထား လေ့လာတာက ဦးနှောက်ပါ။ လူသားတွေရဲ့ လုပ်ဆောင်မှု၊ တုံပြန်မှုတိုင်းက ဦးနှောက်နဲ့ တိုက်ရိုက်ဆက်စပ်နေတာမလို့ ဦးနှောက်ဟာ စိတ်များလားဆိုတဲ့ အယူအဆတွေ အတော်အတန် ထွန်းကားခဲ့ပါတယ်။ သို့သော်လည်း စိတ်ဟာ ဦးနှောက်မဟုတ်ဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ စိတ်ဟာ အင်္ဂါမဟုတ်ပါဘူး။ စိတ်ကို မြင်လည်း မမြင်ရသလို ထိတွေ့လို့လည်း မရပါဘူး။

          မျက်မှောက်ခေတ် သိပ္ပံပညာမှာတော့ ဦးနှောက်ဟာ လျှပ်စစ်လှိင်းတွေပိုလွှတ်တဲ့ ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းထားတယ်လို့ အခိုင်အမာ ယုံကြည်လာကြပါတယ်။ ဒီဆစ်ဂနယ်လေးတွေက ဆဲလ်တစ်ခုကနေ တစ်ခုကို ရွေ့လျားနိုင်ပြီး တိကျတဲ့ စနစ်ရှိပါတယ်။ သိပ္ပံပညာရှင် အများစုကတော့ ကျွန်မတို့ရဲ့ အတွေးအခေါ်တွေဆိုတာက အဲဒီ Pattern လေးတွေကြောင့်လို့ ကောက်ချက်ဆွဲကြပါတယ်။ သူတို့က လူတစ်ယောက် တွေးခေါ်နေချိန် (သို့မဟုတ်) စိတ်ခံစားမှုတစ်ခုခု ဖြစ်ပေါ်နေချိန်မှာ လေ့လာနိုင်မယ့် Brain Scan လို နည်းနာမျိုးတွေနဲ့ စမ်းသပ်လေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာလိုက်ခြင်းအားဖြင့် လူသားတွေရဲ့ မှတ်ဉာဏ်နဲ့ အာရုံတို့ အလုပ်လုပ်ပုံကို အရင်ကထက် ကျယ်ပြန့်စွာ သိရှိလာရပေမဲ့ စိတ်အကြောင်းကတော့ မသိရှိရသေးပါဘူး။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အံ့ဩခြင်း စတဲ့ စိတ်ခံစားမှုတွေဟာ ဦးနှောက်က ထုတ်လွှင့်တဲ့ Signal တွေကြောင့် ဟုတ်မဟုတ်ကိုတော့ တိကျစွာ သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။

          အတွေးအခေါ် ပညာရပ်မှာတော့ စိတ်နဲ့ ပတ်သက်လို့ ရှုထောင့်အမျိုးမျိုးကနေ လေ့လာထားတာ တွေ့ရပါတယ်။ တွေးခေါ်ပညာရှင် တချို့က စိတ်ဟာ ခန္ဓာကိုယ်ကနေ ခွဲထွက်နေပြီး ခန္ဓာကိုယ်နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ဆိုကြပါတယ်။ တချို့ကျပြန်တော့ စိတ်ဟာ ခန္ဓာကိုယ်ရဲ့ ရိုးရှင်းတဲ့ လုပ်ငန်းဆောင်တာလို့ သမုတ်ကြပြန်ပါတယ်။ ဒီလိုဒွိဟဖြစ်စရာ အကြောင်းအချက်တွေကြောင့် ရုပ်နဲ့ နာမ် (စိတ်) အကြောင်းကို ဘာသာရေးအရပါ ဖြည့်စွက် လေ့လာလာကြပါတယ်။ တချို့ဘာသာတွေမှာ စိတ်ဟာ ဘဝအစဉ်အဆက် ကူးပြောင်းလို့ရတဲ့ ဝိညာဉ် (Soul) ဖြစ်ပြီးတော့ တချို့ဘာသာတွေမှာတော့ စိတ်ဟာ ဦးနှောက်က အလုပ်လုပ်တဲ့ ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ ဘယ်အယူအဆက မှန်တယ်ဆိုတာ မပြောနိုင်သေးပါဘူး။ ထောင်စုနှစ်ပေါင်းများစွာကတည်းက စိတ်နဲ့ ပတ်သက်လို ငြင်းခုန်ခဲ့၊ ဆွေးနွေးခဲ့၊ အဖြေရှာခဲ့တာ ယနေ့အထိပါပဲ။

Mind

          ရိုးရာယုံကြည်မှုတွေနဲ့ ဘာသာရေးအယူအဆတွေဟာ သိပ္ပံပညာနည်းအားဖြင့် မှန်တယ်လို့ တစ်ထစ်ချ မပြောနိုင်သည့်တိုင် ယုတ္တိရှိတဲ့အတွက် လက်ခံသင့်ရင် လက်ခံရမှာပါပဲ။ ဗုဒ္ဓဘာသာမှာဆိုရင် စိတ်ဟာ တဏှာ၊ ရာဂ စတဲ့ အညစ်အကြေး ကိလေသာကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် စိတ်ကို ဖြူစင်အောင်၊ သန့်ရှင်းအောင်၊ ကြည်လင်အောင် မဂ္ဂင် (၈) ပါး နည်းလမ်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ဆိုထားပါတယ်။ ဟိန္ဒူမှာကျတော့ စိတ်ဟာ စကြဝဠာမှာ တကယ်ရှိတဲ့အတွက်ကြောင့်မလို့ ယောဂကျင့်စဉ်လိုမျိုး မွန်မြတ်မှန်ကန်တဲ့ကျင့်စဉ်တွေနဲ့ ကျင့်ပေးမယ်ဆိုရင် တန်ခိုးအစွမ်းတွေ (ကိုယ်ပျောက်တာ၊ ပျံသန်းတာ စတာမျိုးတွေ) ရရှိနိုင်တယ်လို့ ဆိုပါတယ်။ ခရစ်ယာန်မှာတော့ စိတ်ဟာ ဝိညာဉ်လို့ ဆိုထားပြီး အစ္စလာမ်မှာတော့ စိတ်က နှလုံးသားရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိပါသတဲ့။ ဘာသာရေးတိုင်းအတွက် ဖြေရှင်းရခက်မယ့် ပဟေဠိတစ်ပုဒ်ပါပဲ။

          Psychology လို့ ခေါ်တဲ့ စိတ်ပညာပေါ်ပေါက်လာတဲ့နောက်မှာ လူသားတွေအနေနဲ့ စိတ်အကြောင်းကို အရင်ကထက်စာရင် လေ့လာရ လွယ်ကူသွားပါပြီ။ စိတ်ပညာရှင်တွေက လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ အသိဉာဏ်တွေကို စနစ်တကျ လေ့လာကြပါတယ်။ လက်တွေ့စမ်းသပ်ချက်တွေ အမျိုးမျိုး ပြုလုပ်ပြီး လူတွေ ဘယ်လို တွေးခေါ်ကြတာလဲ၊ ဘယ်လို တုံပြန်ကြတာလဲဆိုတာကို ဆန်းစစ်ရှာဖွေခဲ့ကြပါတယ်။ ဒီလိုလေ့လာမှုရဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်ကျန်းမာရေးမကောင်းသူတွေကို ကောင်းလာအောင် ကုသပေးနိုင်လာပါတယ်။ သို့သော် ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း စတဲ့ စိတ်ခံစားမှုတွေရဲ့ မြစ်ဖျားခံရာကိုတော့ ဘယ်လို သိပ္ပံနည်းနာနဲ့မှ မရှာဖွေနိုင်သေးပါဘူး။

          စိတ်မှာ နှစ်မျိုးရှိပါတယ်။ သိစိတ်နဲ့ မသိစိတ်ပေါ့။ သိစိတ်ကကျတော့ ဒီအလုပ်ကို ငါ လုပ်သင့်မလုပ်သင့် တွေးတောနေတာမျိုးပါ။ နေ့စဉ်ဘဝမှာ အဓိကလွှမ်းမိုးတာက သိစိတ်ပါပဲ။ သတိ လို့လည်း ခေါ်လို့ ရပါတယ်။ သိစိတ်ဟာ ဦးနှောက်နဲ့ ဆက်နွှယ်နေပေမဲ့ ဦးနှောက်ထဲမှာ ကိန်းအောင်းနေတယ်လို့တော့ တိတိပပ ပြောနိုင်ခြင်း မရှိဘူး။ သိစိတ်ဟာ ကမ္ဘာကြီးကို ရှုမြင်ဖို့အတွက် တည်ရှိနေတဲ့ ပြတင်းပေါက်တစ်ချပ်ပါပဲ။ သို့သော်လည်း ဒီပြတင်းပေါက်ကို ဘယ်သူကမှ ဖန်တီးပေးထားတာ မဟုတ်ပါဘူး။

Mind

          မိတ်ဆွေတို့ အိပ်မက်မက်ဖူးကြတယ်မလား။ အိပ်မက်မက်တဲ့အခါ ကိုယ်ဟာ ကမ္ဘာသစ်တစ်ခုကို သီးခြားရောက်သွားသလိုမျိုး ခံစားရစေပြီး အဖြစ်အပျက်တွေဟာလည်း ကိုယ်နဲ့ အနည်းငယ်ရင်းနှီးပြီးသား အဖြစ်အပျက်တွေလည်း ဖြစ်နိုင်သလို ကိုယ်လုံးဝမသိတဲ့ အဖြစ်အပျက်တွေလည်း ဖြစ်နိုင်ပါတယ်။ ပါဝင်တဲ့ ဇာတ်ဆောင်တွေဟာ ကိုယ်သိကျွမ်းသူတွေရော၊ မသိကျွမ်းသူတွေရော စုံလို့ပါပဲ။ သေချာတာကတော့ အိပ်မက်ထဲမှာ ကိုယ်ဟာ ကိုယ်လိုရာ ဖန်တီးလို့မရဘဲ ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းအပေါ်မှာသာ အကောင်းဆုံးကပြအသုံးတော်ခံကြရတာပါပဲ။ အိပ်မက်တွေဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချိန်နဲ့ နိုးနေတဲ့အချိန်မှာ မဖြစ်မပေါ်မှာ အိပ်တစ်ဝက်၊ နိုးတစ်ဝက်အချိန်မှာသာ ဖြစ်ပေါ်လေ့ရှိတာပါ။ ဒါပေမဲ့ ဘယ်လိုဖြစ်တယ်၊ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာကို တိတိကျကျ မပြောနိုင်ပါဘူး။ အိပ်မက်တွေဟာ မသိစိတ်ကနေ အခြေခံတာမလို့ စိတ်ဟာ သိပ်ကို ထူးခြားတယ်ဆိုရင် ဘယ်သူမှ ငြင်းကြမယ် မထင်ပါဘူး။

          လူတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းဟာလည်း စိတ်ကြောင့် ဖြစ်လာတာပါ။ ပန်းချီဆရာတွေ၊ စာရေးဆရာတွေ၊ တေးရေးဆရာတွေ၊ အဆိုတော်တွေစတဲ့သူတွေရဲ့စိတ်ဟာ သာမန်လူတွေထက် ထူးတယ်လို့ ပြောဖို့ရာ ခဲယဉ်းပါတယ်။ သို့သော် ပန်းချီဆရာဟာ ဆေးရောင်စုံတွေကို သုံးပြီး လှပတဲ့ ပန်းချီကားကို ဆွဲနိုင်တယ်၊ စာရေးဆရာဟာ ကျွန်မတို့ နေ့စဉ်ရေးနေကြတဲ့ ဗျည်းတွေကို သုံးပြီး ဆောင်းပါးတွေ၊ ဝတ္ထုတွေ ဖန်တီးနိုင်တယ်။ အဆိုတော်ဟာ သူ့ရဲ့ အသံကို သာယာနာပျော်ဖွယ် ဖြစ်အောင် စွမ်းဆောင်နိုင်တယ်။ ဒါတွေဟာ စိတ်ရဲ့ Unique ဖြစ်မှုနဲ့ Creative ဖြစ်မှုတွေပါပဲ။

          စိတ်နဲ့ ပတ်သက်လို့ သီအိုရီအမျိုးမျိုးထုတ်ကြ၊ ဘက်ပေါင်းစုံက သုံးသပ်ကြပါတယ်။ အကြောဗေဒ (Neuroscience) က စိတ်ရဲ့ တည်ဆောက်ပုံကို ရှင်းပြပါတယ်။ စိတ်ပညာ (Psychology) က စိတ်ရဲ့ အပြုအမူကို ရှင်းပြပါတယ်။ ဒဿနိကဗေဒ (Philosophy) က စိတ်ရဲ့ အဓိပ္ပာယ်ကို ရှင်းပြပါတယ်။ ဘာသာရေး (Religion) က စိတ်ရဲ့ သရုပ်မှန်ကို ရှင်းပြပါတယ်။ သို့သော် ဘယ်အရာမှ၊ ဘယ်ရှင်းပြချက်ကမှ မပြည့်စုံသေးပါဘူး။ စိတ်ဟာ ထင်ထားတာထက် ပိုပြီး ကျယ်ပြန့်နက်ရှိုင်းလွန်းတဲ့အတွက် သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ နောက်ထပ် ပဟေဠိတစ်ပုဒ်အဖြစ် ဆိုချင်ပါတော့တယ်။