October 27, 2025
ဆောင်းပါး
နတ်ဘုရားများအား ရှာဖွေခြင်း
တက္ကသိုလ်မောင်မောင်ကြီးရေးတဲ့ လူ့အသည်း အတွေးအမြင်ဆောင်းပါးကို ဖတ်ပြီးတဲ့နောက် ကျွန်မ ဘာသာရေးနဲ့ပတ်သက်ပြီး ခုလို တွေးမိပါတယ်။ လူသားတိုင်းဟာ ဘာသာရေးနဲ့ မကင်းလွတ်ပါဘူး။ ဘာသာမဲ့တွေကလည်း ဘာသာရေး အယူအဆတစ်မျိုးပဲတဲ့။ ဒီတော့ ဘာသာတိုင်းရဲ့ အထွဋ်အမြတ်ထားရာ ဘုရားတွေဟာ အတိတ်မှာ တကယ်ပဲ ပွင့်ခဲ့ကြတာလား၊ ဘာသာတစ်ခုရဲ့ အယူအဆကပဲ မှန်ပြီး ဘုရားတစ်ဆူတည်းရှိတာလား၊ ဘာသာအားလုံးရဲ့ အယူအဆ မှန်ကန်ပြီး ဘုရားအားလုံး ရှိတာလား၊ ဘယ်ဘာသာရဲ့ အယူအဆမှ မမှန်ဘူးလား ဆိုတာမျိုးပေါ့။
လူ့ယဉ်ကျေးမှုစတင်ဖြစ်ပေါ်လာတာနဲ့အမျှ ဘာသာရေးလည်း ဖြစ်တည်လာခဲ့ပါတယ်။ မိုးကို ကိုးကွယ်သူ၊ လေကို ကိုးကွယ်သူ၊ မြေကို ကိုးကွယ်သူ စသဖြင့် အမျိုးမျိုး ရှိခဲ့တာပေါ့။ အဲဒီခေတ်အခါက လူသားတွေရဲ့ အတွေးအခေါ်ဟာ ခုလောက် မဖွံ့ဖြိုးသေးတာမို့ အရာရာကို ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်ကာ အသက်ရှင်နေထိုင် ရပ်တည်ခဲ့ကြရပါတယ်။ ကောက်ရိုးလေးတစ်မျှင်ဖြစ်စေ ခိုကိုးရာ ရမလားဆိုပြီး မိမိတို့စိတ်ထဲမှာ တန်ခိုးရှင်လို့ ယူဆသူတွေကို အားကိုးတကြီး ရှာဖွေခဲ့ကြရာကနေ ရှေးခေတ် ဘာသာတရားတွေ စတင်ထွန်းကားခဲ့ကြတာပါ။
ဒီတော့ ကျွန်မတို့ဆိုလို့ရတာက ဘာသာရေးဟာ အကြောက်တရားကနေ အစပြုလာခဲ့ပြီး စည်းမျဉ်းတွေနဲ့ လူသားတွေကို ပိုမိုကောင်းမွန်အောင် ထိန်းကျောင်းခဲ့ကြတယ်ဆိုတာပါပဲ။ မျက်မှောက်ခေတ်မှာ ဘယ်ဘာသာပဲ ကြည့်ပါစေ လူသားတွေကို ဆိုးသွမ်းအောင် လုပ်တာရယ်လို့တော့ မရှိပါဘူး။ ယဇ်ပူဇော်ခဲ့တဲ့ခေတ်ကတော့ ရှိရင် ရှိခဲ့မှာပေါ့လေ။ ကိုယ်ကျိုးရှာအတ္တသမားတွေကြောင့်သာ ဘာသာရေးတွေမှာ ညစ်နွမ်းမှုတွေ ရှိလာရတာပါပဲ။
ဘာသာတိုင်းမှာ အထွဋ်အမြတ်ထားရာ ကျမ်းဂန်တွေနဲ့ ဘုရားရှင်တွေ ရှိကြပါတယ်။ ဗုဒ္ဓဘာသာမှာဆိုရင် ဂေါတမမြတ်စွာဘုရား၊ ခရစ်ယာန်မှာ သခင်ယေရှုခရစ်၊ ဟိန္ဒူမှာဆိုရင် အရှင်သီဝ၊ ဗိဿနိုး၊ ဗြဟ္မာကြီး၊ အစ္စလာမ်မှာဆိုရင်တော့ အလ္လာအရှင်မြတ် (တချို့ကလည်း ခိုဒါအရှင်မြတ်လို့ ခေါ်ကြတယ်) ဆိုပြီး အသီးသီး ရှိကြပါတယ်။ ဘုရားတွေရဲ့ အယူအဆ၊ အတွေးအခေါ်၊ ဟောပြောမှုတွေကို သက်ဆိုင်ရာဘာသာရေးကျမ်းဂန်တွေဖြစ်တဲ့ ပိဋကတ်သုံးပုံ၊ သမ္မာကျမ်းစာ၊ ဝေဒလေးကျမ်း၊ ကုရ်အာန်ကျမ်းတွေမှာ ဖတ်ရှုနိုင်ပါတယ်။ ဘုရားတွေနဲ့ ဆက်စပ်ပြီး တချို့ဘာသာတွေမှာ နတ်တွေလည်း ရှိကြပါတယ်။ ကောင်းကင်ဘုံ၊ နတ်ပြည် စတဲ့ အသုံးအနှုန်းတွေလည်း ကြားဖူးကြမှာပါ။
လက်ရှိအထိ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေအရတော့ နတ်တွေ တကယ်ရှိကြောင်း၊ ဘုရားတွေဟာ ကျမ်းဂန်တွေထဲကအတိုင်း တကယ် အစွမ်းသတ္တိတွေနဲ့ ပြည့်စုံကြောင်းကို သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။ သို့သော်လည်း တစ်ဖက်မှာတော့ ဘာသာရေးကို ယုံယုံကြည်ကြည်နဲ့ သဒ္ဓါကြည်ညိုစိတ်နဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ဘေးဘယာတွေဝေးကွာပြီး စိတ်ကြည်လင်လန်းဆန်းစေတာ လက်တွေ့ပါပဲ။
ဒါ့ကြောင့်မလို့ ကမ္ဘာဦးအစကတည်းက ရှာဖွေခဲ့ကြတဲ့ နတ်ဘုရားတွေဟာ သိပ္ပံခေတ်ဖြစ်တဲ့ ၂၁ ရာစုမှာတောင် မရေမရာနဲ့ ပဟေဠိအဖြစ် တည်ရှိနေတာ ဖြစ်တာကြောင့်မလို့ ကမ္ဘာကြီး ပျက်သည့်တိုင် ဆက်လက်ရှာဖွေနေရဦးမယ့် ပုစ္ဆာတစ်ပုဒ်သာ ဖြစ်တယ်လို့ ဆိုချင်ပါတော့တယ်။