October 29, 2025
ဆောင်းပါး
စကြဝဠာကပေးသော ပုစ္ဆာများ
စကြဝဠာကြီးလောက် မင်းကို ချစ်ပါတယ်ဆိုပြီး သမာဓိဂုဏ်မြောက်စွာ ကိုယ်တိုင်ကြူးဖူးကြလား ဒါမှမဟုတ် အကြူးခံရဖူးလား။ စကြဝဠာကြီးက အဆုံးအစမဲ့ပါ။ ကျယ်ပြန့်ပါတယ်။ ပဟေဠိဆန်ပါတယ်။ စကြဝဠာကြီးနဲ့အတူ မေးခွန်းတချို့လည်း ပါလာပါတယ်။ စကြဝဠာကြီးရဲ့ မူလအစက ဘယ်လိုလဲ၊ သူ့ရဲ့ တည်ဆောက်ပုံက ဘယ်လိုလဲ၊ စကြဝဠာပေါင်း ဘယ်လောက်ထိ ရှိတာလဲ၊ သက်ရှိတွေရော ဘယ်နှမျိုးလောက်ရှိလဲ၊ စကြဝဠာကြီးကို ထိန်းချုပ်နေတဲ့ ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းရှိလား၊ သူ့အလိုအလျောက် ဖြစ်တည်နေတာလား၊ သက်တမ်းက ဘယ်လောက်ထိရှိလဲ စသဖြင့်ပေါ့။ တကယ်တော့ စကြဝဠာကြီးက ကျယ်ပြန့်သလောက် စကြဝဠာကြီးရဲ့ ပုစ္ဆာကို အဖြေရှာမယ့် ကျွန်မတို့ လူသားတွေက သေးငယ်လွန်းလှပါတယ်။ သိပ္ပံပညာရှင်တွေ၊ အတွေးအခေါ်ပညာရှင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံး အမျိုးမျိုး အဖြေထုတ်ခဲ့ပေမဲ့ အဖြေမရှိခဲ့ပါဘူး။
အထင်ရှားဆုံး ပြဿနာကတော့ စကြဝဠာကြီး ဘယ်လိုစတင်ခဲ့လဲ ဆိုတာပါပဲ။ Big Bang Theory အရတော့ စကြဝဠာကြီးက အလွန်သေးငယ်ပြီး ပူပြင်းတဲ့အမှတ်တွေကနေ စတင်တာတဲ့။ အချိန်တွေကြာလာတာနဲ့အမျှ အဲဒီအမှတ်တွေက ဂလက်ဆီ (ကြယ်အစုအဝေး) တွေ၊ ကြယ်တွေနဲ့ ဂြိုလ်တွေ ဖြစ်ပေါ်လာသတဲ့။ ဒီသီအိုရီက ယုတ္တိလည်း ရှိသလို အကြောင်းအရာအများကြီးကိုလည်း ရှင်းပြပေးနိုင်ပါတယ်။ သို့သော်လည်း ဘာလို့ Big Bang ဖြစ်ရတာလဲ၊ Big Bang မဖြစ်ခင်ကရော စကြဝဠာကြီးက ဘယ်လိုရှိခဲ့တာလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။ ဘာသာရေးတွေမှာတော့ အဖြေတွေရှိပေမဲ့ မူတွေ အမျိုးမျိုး ကွဲပြားနေပါတယ်။ စကြဝဠာကြီးကို ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့တာလားဆိုတဲ့အချက်ကလည်း စဉ်းစားစရာပါပဲ။ ဖန်ဆင်းရှင်မရှိဘူးဆိုရင်လည်း သဘာဝတရားကြီးက သိပ်ဆန်းကြယ်တယ်လို့ ဆိုရမှာပါပဲ။
နောက်ထပ် ပြဿနာက အချိန်ရဲ့ သဘောသဘာဝပါ။ လူတွေက အချိန်ကို နာရီတွေနဲ့ ပြက္ခဒိန်တွေကနေတစ်ဆင့် သိရှိကြပါတယ်။ ဒါပေမဲ့ စကြဝဠာကြီးက အချိန်ကို မတူညီစွာ တုံ့ပြန်ပါတယ်။ ရူပဗေဒမှာဆိုရင် အချိန်ဟာ ဒြပ်ဆွဲအားနဲ့ အရှိန်ပေါ် မူတည်ပြီး ဆွဲဆန့်လို့ရသလို ချုံ့လို့လည်းရ (မြန်အောင်လည်းရ၊ နှေးအောင်လည်းရ) ပါတယ်။ ဒီအချက်က ဘယ်က ကောက်နုတ်ထားတာလဲဆိုရင် Theory of Relativity ကနေပါ။ Albert Einstein ထုတ်ဖော်ခဲ့တဲ့ သီအိုရီပေါ့။ သိပ္ပံပညာရှင်တချို့ကတော့ အချိန်မှာ အစရော၊ အဆုံးရော ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဆိုလိုချင်တာက မျဉ်းဖြောင့်တစ်ကြောင်းလိုပေါ့။ တချို့ကျပြန်တော့ အချိန်ဟာ အစအဆုံးမရှိဘဲ Looping ပတ်နေတာတဲ့လေ။ ဘယ်လိုပဲဖြစ်စေ အချိန်အကြောင်းကို တိကျစွာနားလည်ဖို့ လူသားတွေ ဉာဏ်မမီသေးပါဘူး။
Dark Matter နဲ့ Dark Energy တွေကလည်း နောက်ထပ် ပြဿနာပါပဲ။ Dark Matter ဆိုတာက ကြယ်အစုအဝေးတွေကို ချုပ်ကိုင်ထားတဲ့ မမြင်နိုင်တဲ့ အရာဝတ္ထုကြီးပါ။ Dark Energy ဆိုတာကတော့ စကြဝဠာကြီးကို ပိုမြန်မြန်နဲ့ ကြီးလာ၊ ကျယ်လာ၊ ကားလာ၊ ပြန့်လာ၊ ဆန့်လာ၊ ပွင့်လာအောင်လုပ်ပေးတဲ့ စွမ်းအင်တစ်မျိုးပါ။ သိပ္ပံပညာရှင်တွေက သူတို့ရဲ့ သက်ရောက်မှုကို သိကြပေမဲ့ သူတို့ကိုတော့ မမြင်နိုင်၊ မထိနိုင်ဘူးလို့ ဆိုကြပါတယ်။
နောက်ထပ်ပြဿနာတစ်ခုက သက်ရှိကိစ္စပါ။ လောလောဆယ်အထိတော့ ကမ္ဘာမြေပေါ်မှာသာ သက်ရှိတွေ တွေ့ရပါသေးတယ်။ သက်ရှိဆိုတဲ့နေရာမှာ အပင်၊ တိရစ္ဆာန်နဲ့ လူသားအားလုံးကို ဆိုလိုတာပါ။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက ဖြစ်ပေါ်လာခဲ့တဲ့စကြဝဠာကြီးမှာ ကြယ်အစုအဝေးတွေ၊ ကြယ်တွေ၊ ဂြိုဟ်တွေ ကုဋေကုဋာချီရှိတာမို့ တခြားသော ကမ္ဘာနဲ့အလားတူ ဂြိုဟ်မှာရော သက်ရှိတွေ ရှိနေနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ပဟေဠိပါပဲ။ ခုချိန်ထိတော့ တချို့ဂြိုဟ်တွေမှာ အပင်တချို့တွေ့ရပေမဲ့ သတ္တဝါတွေကိုတော့ မတွေ့သေးပါဘူး။ အကယ်၍များပေါ့လေ စကြဝဠာကြီးမှာ ဂြိုဟ်သားလို့ခေါ်တဲ့ လူသားထက် ဉာဏ်ရည်မြင့်တဲ့သတ္တဝါတွေ ရှိနေခဲ့ရင် အထီးမကျန်ဘူးဆိုပေမဲ့ ကြောက်ဖို့ကောင်းတာတော့ အမှန်ပါပဲရှင်။
နောက်ထပ်တစ်ခုကတော့ စကြဝဠာကြီးရဲ့ ကံကြမ္မာ (သို့) သက်တမ်းပါပဲ။ တချို့ သိပ္ပံပညာရှင်တွေကတော့ စကြဝဠာကြီးဟာ အရာရာအားလုံး အေးစက်ပြီး မှောင်မည်းမသွားခင်အထိ ဆက်လက်ပြန့်နေ၊ ဆန့်နေဦးမှာလို့ လက်ခံထားကြပါတယ်။ တချို့ကြပြန်တော့ ကြီးမားတဲ့ ဒြပ်ဆွဲအားတစ်ခုခုကြောင့် အရာရာအားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်ပြီး ကျစ်လျစ်မသွားခင်အထိက စကြဝဠာကြီးရဲ့ သက်တမ်းတဲ့။ နောက်တစ်ခုကတော့ Dark Energy ကြောင့် စကြဝဠာကြီးဟာ စာရွက်ကြီးတစ်ခုလို ပြဲသွားပြီး အဆုံးသတ်သွားမယ်ဆိုတာပဲ လက်ခံကြပါတယ်။ အယူအဆတိုင်းမှာ ယုတ္တိကျတဲ့ ဥပမာတွေရှိပေမဲ့ ဘယ်တစ်ခုကိုမှ တိကျသေချာစွာ သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။
အတွေးအခေါ်ပညာရှင်တွေကတော့ စကြဝဠာကြီး ဘာကြောင့်ရှိနေတာလဲကို မေးခွန်းထုတ်ကြပါတယ်။ နောက်ပြီး လူသားတွေအနေနဲ့ ဘာလို့ တွေးခေါ်နိုင်ပြီး စကြဝဠာကြီးကို မေးခွန်းထုတ်နိုင်တာလဲဆိုတာကို ထပ်မေးမြန်းကြပါတယ်။ ဘာသာရေးအယူအဆအရဆိုရင်တော့ စကြဝဠာကြီးက သက်ရှိတွေရဲ့ နေထိုင်ရာ ခြံဝန်းကြီးဖြစ်ပြီးတော့ အဲဒီခြံဝန်းကြီးထဲမှာ အိမ်တွေနဲ့ တခြားအဆောက်အအုံတွေ ရှိကြပါတယ်။ တချို့အိမ်တွေမှာ သက်ရှိမနေပေမဲ့ တချို့အိမ်တွေကတော့ သက်ရှိတွေ နေကြပါတယ်။ အဲဒီခြံဝန်းကြီးကို ဖန်ဆင်းပေးသူကတော့ ဘုရားသခင်ပေါ့။ လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုသလို တချို့ကတော့ ဒီအယူအဆ လုံးဝ ငြင်းပယ်ကန့်ကွက်ကြပါတယ်။
စကြဝဠာကြီးက ပေးတဲ့ တခြားပြဿနာတွေလည်း ကျန်နေပါဦးမယ်။ ဥပမာ နေ ဖြစ်ပေါ်လာမှုပေါ့။ နေ ရှိလို့သာ ကမ္ဘာမြေကြီးက သက်ရှိတွေ အသက်ရှင်နိုင်တာပါ။ လူသားတွေရဲ့ အတွေးအခေါ်က အကန့်အသတ်တွေ အများကြီးပါပဲ။ ကျွန်မတို့ဟာ သော့ခတ်ထားတဲ့ တံခါးပေါက်တွေ အများကြီးရှိတဲ့ ဝင်္ကပါကြီးထဲ ရောက်နေကြသူတွေလိုပါပဲ။ သော့လို့ခေါ်တဲ့ ရှာဖွေတွေ့ရှိတဲ့ မှန်ကန်ချက်အသစ်တွေအနေနဲ့ ပဟေဠိသော့ခလောက် တစ်ခုဖွင့်ပြီးတိုင်း နောက်ထပ် ဖွင့်စရာသော့ခလောက်တွေက ဒုနဲ့ဒေး ကျန်နေဆဲပါ။ စကြဝဠာကြီး မပျက်ခင်တော့ ဒီပဟေဠိအားလုံးကို လူသားတွေ အဖြေရှာနိုင်ခဲ့လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်ရှင်။