Author Image
Novia

November 2, 2025

ဆောင်းပါး

သရဲခြောက်ခံရဖူးလား

          မိတ်ဆွေတို့ရော သရဲခြောက်ခံရဖူးလား။ လူ့ယဉ်ကျေးမှုတစ်လျှောက် သရဲတစ္ဆေနဲ့ ပတ်သက်တဲ့ အယူအဆတွေ၊ ပုံပြင်တွေက အများကြီး ထွန်းကားခဲ့ပါတယ်။ ရှေးခေတ် ဘုရားကျောင်းတွေ၊ မြို့ကြီးတွေ၊ ရွာတွေနဲ့ အိမ်တွေမှာ နာနာဘာဝနဲ့ ပတ်သက်တဲ့ ဓလေ့တွေ စွဲထင်ကျန်နေဆဲပါ။ ရှေးခေတ်မှာတော့ မယုံကြည်တဲ့သူဆိုတာ မရှိသလောက် နည်းပါးခဲ့ပေမဲ့ ယနေ့ခေတ်လို သိပ္ပံပညာရပ်ကြီး အထွဋ်အထိပ်ရောက်ချိန်မှာတော့ သရဲနဲ့ ပတ်သက်လို့ အယူအဆ နှစ်မျိုး ကွဲလွဲလျက်ရှိပါတယ်။ တစ်မျိုးကတော့ သရဲဆိုတာ တကယ်ရှိတဲ့ သတ္တဝါတစ်မျိုး ဖြစ်တယ်၊ နောက်တစ်မျိုးကတော့ သရဲဆိုတာ စိတ်ထင်ယောင်ထင်မှားဖြစ်တာလို့ ဆိုကြပါတယ်။ သိပ္ပံပညာအားဖြင့် စမ်းသပ်မှုတွေ ပြုလုပ်ပေမဲ့ အောင်မြင်မှု မရရှိသေးပါဘူး။

          ဘာသာရေးအယူအဆတွေမှာလည်း သရဲတစ္ဆေဆိုင်ရာ ဝါဒတွေ လွှမ်းမိုးလျက်ရှိပါတယ်။ ဗုဒ္ဓဘာသာအလိုအရတော့ သရဲ၊ တစ္ဆေဆိုတာ ပြိတ္တာဘုံသားတွေဖြစ်ပြီးတော့ အပါယ်လေးဘုံထဲမှာ ပါဝင်ပါတယ်။ ပြိတ္တာတွေဟာ နေရပ်ဌာနေ တိကျစွာ သတ်မှတ်ထားခြင်း မရှိတာကြောင့် လူ့ဘုံမှာပဲ တိရစ္ဆာန်တွေနဲ့ အတူတကွ နေထိုင်ကြပါတယ်။ သရဲတွေဟာ လူတွေထက် အဆင့်နိမ့်ပြီးတော့ သရဲသည်လည်း ဘဝတစ်ခု ဖြစ်ပါတယ်။ ဟိန္ဒူကကျပြန်တော့ သရဲဆိုတာက ဘဝသစ်မပြောင်းခင် ခေတ္တအနေနဲ့ ဖြစ်တည်တဲ့ ယာယီဘုံဘဝဖြစ်ပါတယ်။ ဘဝဟောင်းနဲ့ ဘဝသစ်ကြားက ဘဝပေါ့။ ခရစ်ယာန်မှာတော့ သရဲတွေဆိုတာ ကောင်းကင်ဘုံကို ထာဝရမရောက်လာခင် (သို့) ငရဲမှာ ထာဝရမခံစားရခင် လွတ်နေတဲ့ စိတ်ဝိညာဉ်တွေပါပဲ။ အစ္စလာမ်ကတော့ မီးခိုးမထွက်တဲ့ မီးကနေ ဂျင်းလို့ခေါ်တဲ့ မမြင်နိုင်တဲ့ သတ္တဝါတွေကို ဖန်တီးနိုင်ပြီး အဲဒါတွေက သရဲတွေနဲ့ အလားသဏ္ဍာန် တူညီနီးစပ်ပါတယ်။

          သိပ္ပံပညာရှင်တွေက လူသားတွေရဲ့ ဦးနှောက်ကို လေ့လာခဲ့ကြပြီး ဘာလို့များ လူတချို့ဟာ တခြားသူတွေ မမြင်နိုင် မကြားနိုင်တာကို မြင်နေ၊ ကြားနေ၊ သိနေ၊ ခံစားနေရတာလဲဆိုတာကို ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။ သူတို့အဆိုအရ ကြောက်စိတ်၊ စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်တာတွေက မှားယွင်းတဲ့ သိမြင်ခံစား ကြားယောင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ အရိပ်တွေ၊ ရောင်ပြန်ဟပ်မှုတွေနဲ့ ပဲ့တင်သံတွေဟာ တကယ်အစစ်မဟုတ်ဘဲ အတုတွေ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့လည်း တချို့သော ဖြစ်စဉ်တွေမှာတော့ သရဲတစ္ဆေတွေဟာ စိတ်ရဲ့ လှည့်စားမှုနဲ့ သက်ဆိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။ ဒီလို ဖြစ်စဉ်မျိုးတွေကတော့ သဘာဝတရားရဲ့ လှည့်စားမှု (အထူးသဖြင့် အသံနဲ့ အလင်းကြောင့်) လို့ ကောက်ချက်ဆွဲပြန်ပါတယ်။ သရဲခြောက်ခံရတဲ့ ဖြစ်စဉ်တွေမှာ ထူးခြားတဲ့ ရှေ့ပြေးလက္ခဏာတွေအတွက် စိတ်ကျေနပ်လောက်တဲ့ အဖြေမျိုးကို သိပ္ပံပညာရှင်တွေက မပေးနိုင်သေးပါဘူး။

          စိတ်ပညာရဲ့ အယူအဆကကျတော့ တစ်မျိုးပါ။ မှတ်ဉာဏ်နဲ့ စိတ်ခံစားမှုတွေက ထင်ရှားပေါ်လွင်တဲ့ စိတ်ဓာတ်ပုံတွေ၊ စိတ်ဗီဒီယိုတွေကို ထုတ်ပေးနိုင်တယ်တဲ့။ ဆိုလိုချင်တာက လွန်ခဲ့တဲ့အပတ်က ကိုယ့်အဖေ သေသွားမယ်ဆိုရင် အဖေ့အခန်းထဲ ဝင်လိုက်တဲ့အခါမှာ အဖေရှိနေသလိုမျိုး၊ အဖေနဲ့ စကားပြောနေသလိုမျိုး ခံစားရနေနိုင်ပါတယ်။ ဒါဟာ အဖေ့ကို ချစ်စိတ်၊ လွမ်းစိတ်အပြင် အဖေနဲ့ အတူရှိခဲ့တဲ့ အမှတ်တရတွေကြောင့် မသိစိတ်က အလိုလျောက် တုံ့ပြန်တဲ့ ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ သို့သော်လည်း တချို့ဖြစ်စဉ်တွေမှာကျတော့ သရဲခြောက်ကြမ်းတဲ့နေရာကို သွားမိရင် ဘယ်သူသွားသွား၊ ဘယ်နှယောက်သွားသွား၊ ဘယ်နှခေါက်သွားသွား သွားတဲ့သူတိုင်းဟာ သွားတဲ့အကြိမ်တိုင်းမှာ ထိတ်လန့်စရာတွေနဲ့ချည်း ကြုံရတတ်ပါတယ်။ ဒါတွေဟာ မူလအခံ Emotion နဲ့ Memory တို့နဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိတာကြောင့် စိတ်ပညာရဲ့ အယူအဆကို ဆန့်ကျင်နေပြန်ပါတယ်။ ဆိုကြပါတယ်။

          နည်းပညာကြီးက တိုးတက်လာပါပြီ။ သရဲဖမ်းစက်တွေလည်း တီထွင်လာကြပါတယ်။ ကင်မရာတွေ၊ အသံဖမ်းစက်တွေ၊ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်စက်တွေ အမျိုးမျိုးပေါ့။ ခုထက်ထိလည်း တိကျတဲ့ သက်သေသာဓက မပြနိုင်သေးပါဘူး။ သရဲဆိုတာ တကယ် ရှိချင်မှလည်း ရှိမှာပါ။ တကယ် ရှိတဲ့ ဘုံဘဝ၊ တကယ် ဖြစ်တည်နေတဲ့ သတ္တဝါတစ်မျိုးသာဆိုရင်တော့ သရဲတွေဟာ မျက်မှောက်ခေတ် သိပ္ပံပညာကို လျှာထုတ်ပြီး လှောင်ပြောင်ရယ်မောနေလိမ့်မယ်ဆိုတာ အသေအချာပါပဲရှင်။