November 5, 2025
ဆောင်းပါး
ထူးဆန်းပေစွ မရဏ
သေခြင်းတရားဆိုတာက လူတိုင်း မရှောင်လွှဲနိုင်တဲ့ သဘာဝတရားပဲဖြစ်ပါတယ်။ နေစဉ်နေ့စဉ် သတ္တဝါပေါင်းများစွာ သေဆုံးလျက်ရှိပါတယ်။ သိပ္ပံနည်းအရ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ Biological Process တွေ အလုပ်မလုပ်တော့တဲ့အခါ ရပ်တန့်သွားတဲ့အခါမှာ သေဆုံးကြရပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေ ယနေ့ထိတိုင် အဖြေရှာလို့ မရသေးတာကတော့ “လူတွေ သေပြီးသွားရင် ဘာရောက်သွားတာလဲ”၊ “နောက်ဘဝ ဆိုတာကရော တကယ်ရှိပါသလား”၊ “သေခြင်းတရားက လူတွေရဲ့ အဆုံးသတ်ဖြစ်နေမလား”၊ "မသေအောင် တားလို့ မရဘူးလား"၊ ထာဝရအသက်ပိုင်ရှင်ဆိုတာ တကယ်ရှိလား" အစရှိတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။
လူတွေ သေဆုံးသွားတဲ့အခါ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် ဓလေ့ထုံးထမ်းများစွာ ပြုလုပ်လေ့ရှိကြပါတယ်။ ပထမဦးဆုံး ကျွန်မတို့ ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာအရ သေခြင်းဆိုတာ အရာအားလုံးရဲ့ အဆုံးသတ်မဟုတ်ပါဘူး။ သံသရာစက်ဝန်းကြီးထဲ လည်ပတ်နေကြတာဖြစ်လို့ အသစ်တစ်ဖန် ပြန်လည်မွေးဖွားဖို့ အစပဲ ဖြစ်ပါတယ်။ မသေဆုံးခင်က ပြုလုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်အလျောက် နောင်ဘဝမှာ အကျိုးပေးမယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုသေဆုံးရင်း မွေးဖွားရင်းနဲ့ အဆုံးအစမဲ့ စက်ဝန်းကြီးထဲမှာ ဖြစ်တည်နေကြပါတယ်လို့ ယုံကြည်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ရည်မှန်းချက်ကတော့ ပြန်မွေးဖွားခြင်းမရှိ သေဆုံးခြင်းမရှိတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဟိန္ဒူဘာသာအရ လူတွေသေဆုံးသွားတဲ့အခါ ခန္ဓာကိုယ်က သေဆုံးသွားပေမယ့် ဝိညာဉ်ကတော့ ဘယ်တော့မှ သေဆုံးသွားခြင်း မရှိပါဘူး။ ဝိညာဉ်ဟာ အချိန်တစ်ခုအထိ လှည့်လည်သွားလည်နေပြီးနောက်မှာ နောက်ဘဝကို ရရှိသွားတယ်လို့ ယုံကြည်ကြပါတယ်။ ဟိန္ဒူဘာသာမှာလည်း ဗုဒ္ဓဘာသာလိုပဲ ကောင်းတာလုပ်ရင် ကောင်းတဲ့ဘဝ မကောင်းတာလုပ်ရင် မကောင်းတဲ့ဘဝကို ရမယ်လို့ ယုံကြည်ကြပါတယ်။
ခရစ်ယာန်ဘာသာမှာဆိုရင်တော့ လူသားတွေဟာ လူ့ဘဝကို တစ်ခါသာ ရတယ်လို့ယုံကြည်ကြပါတယ်။ လူတွေသေဆုံးသွားတဲ့အခါ ဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲကနေ ထွက်သွားပါတယ်။ ခရစ်ယာန်ဘာသာဝင်အများစုကတော့ သေဆုံးပြီးတာနဲ့ ကောင်းကင်ဘုံ နဲ့ ငရဲဘုံကို ရောက်တယ်လို့ ယုံကြည်ကြပါတယ်။ ကောင်းကင်ဘုံမှာတော့ ဝမ်းနည်းခြင်း ပူဆွေးခြင်းမရှိဘဲ ဘုရားသခင် အမြဲရှိတဲ့ စိတ်ချမ်းသာစရာနေရာပဲ ဖြစ်ပါတယ်။ ငရဲဘုံဟာဆိုရင်တော့ ဘုရားသခင်နဲ့ ဝေးကွာနေတဲ့ နေရာတစ်ခု၊ ပူလောင်မှုတွေပဲ ခံစားရတဲ့ ဘုံဌာန ဖြစ်ပါတယ်။
ဒီလိုမျိုး ဘာသာရေးအလိုက် များစွာသော ယုံကြည်မှုတွေရှိကြပါတယ်။ ဘာသာရေးယုံကြည်မှုတွေအပြင် မိမိတို့ နေထိုင်ရာ ဒေသအလိုက် သေခြင်း တရားနဲ့ ပတ်သက်တဲ့ ဓလေ့ထုံးထမ်းများစွာ ရှိပါတယ်။
သိပ္ပံပညာရှုထောင့်ကို ကြည့်ကြတဲ့အခါ သိပ္ပံပညာရှင်တွေကလည်း သေခြင်းတရားရဲ့ နောက်မှာ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Near Death Experience (NDE) လို့ ခေါ်တဲ့ စမ်းသပ်မှု တစ်ခု လုပ်ခဲ့ကြပါတယ်။ ဒီစမ်းသပ်မှုမှာတော့ သေလုဆဲဆဲဖြစ်ရာက ပြန်လည်အသက်ရှင်လာသူတွေ သေရွာပြန်လူတွေကို ဘာတွေကြုံတွေ့ခဲ့ရတာလဲ ဆိုတာ မေးမြန်းထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သေဆုံးမှုရဲ့ ဆန်းကြယ်တဲ့သဘောတရားကို အဖြေမထုတ်နိုင်ခဲ့ပါဘူး။
သေဆုံးခါနီးအတွင်း အဖြစ်များတဲ့ အတွေ့အကြုံများကို ဖော်ပြပေးချင်ပါတယ်။
ပထမတစ်ခုကတော့ ကိုယ်ခန္ဓာပြင်ပ အတွေ့အကြုံ (Out-of-Body Experience - OBE) လို့ ခေါ်ပါတယ်။ မိမိရဲ့ ကိုယ်ခန္ဓာက ပေါလောမျောနေသကဲ့သို့ ခံစားရတာမျိုး၊ မိမိရဲ့ ခန္ဓာကိုယ်ကို အပေါ်မှ ငုံ့ကြည့်နေရတာမျိုး၊ ပတ်ဝန်းကျင်မှ ဆရာဝန်များ ဒါမှမဟုတ် မိသားစုတွေကို မြင်တွေ့နေရတာမျိုးတွေ ဖြစ်ကြပါတယ်။
ဒုတိယတစ်ခုကတော့ Tunnel and Light (ဥမင်လိုဏ်ခေါင်းနှင့် အလင်းရောင်) ပါ။ အလင်းရောင်တောက်နေတဲ့ နေရာတစ်ခုဆီကို မှောင်မည်းသော ဥမင်လိုဏ်ခေါင်းထဲမှ ဖြတ်သွားရသလိုမျိုး ခံစားရတာ။ ငြိမ်းချမ်းမှုအပြည့်နဲ့ အလင်းရောင်ဆီသို့ ဆွဲခေါ်ခံနေရသည်ဟု ခံစားရတာမျိုး ဖြစ်ပါတယ်။
တတိယတစ်ခုအနေနဲ့ကတော့ ဘဝပြန်လည်သုံးသပ်ခြင်း (Life Review) ပဲ ဖြစ်ပါတယ်။ မိမိရဲ့ ဘဝဖြစ်ရပ်များကို ပြန်လည် မြင်တွေ့ရတာမျိုး ဖြစ်ပါတယ်။
စတုတ္ထအနေနဲ့ကတော့ တခြားသူများနဲ့ တွေ့ဆုံခြင်းပဲ ဖြစ်ပါတယ်။ ကွယ်လွန်ခဲ့တဲ့ ဆွေမျိုးတွေ၊ နာမ်ဝိညာဉ်လိုမျိုးလမ်းပြပုဂ္ဂိုလ်တွေ ကို မြင်တွေ့ရတာ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ငြိမ်းချမ်းမှုနှင့် ခံစားချက်ကင်းကွာမှုပဲ ဖြစ်ပါတယ်။ ကြောက်ရွံ့မှု ဒါမှမဟုတ် နာကျင်မှု လုံးဝမရှိတော့မျိုး၊ ပြည့်စုံတဲ့ တည်ငြိမ်အေးချမ်းမှုကို ခံစားရတာမျိုး၊ ခန္ဓာကိုယ်ရဲ့ဆင်းရဲဒုက္ခတွေက ကင်းလွတ်သွားသလို ခံစားရတာမျိုးပါ။
အထက်ပါအချက်တွေထဲက တစ်မျိုးမျိုး ခံစားပြီးတဲ့ နောက်မှာ သေလုဆဲဆဲဖြစ်နေသူတွေကိုကိုယ်ခန္ဓာထဲသို့ ပြန်လာရမယ်လို့ ပြောခံရတာမျိုး ပြန်လည် ဆွဲငင်ခံရတာမျိုးနဲ့ သေဆုံးခြင်းကနေ လွတ်မြောက်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။ သိပ္ပံပညာရှင်များကတော့ NDE စမ်းသပ်မှုကနေပြီး ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ တုံပြန်မှုကြောင့် ဒါမျိုးတွေ ဖြစ်တာပါလို့ ကောက်ချက်ချကြပါတယ်။ ဦးနှောက်က အောက်ဆီဂျင်လိုတဲ့အခါ (Brain Hypoxia) ဖြစ်တဲ့အခါ ထင်ယောင်ထင်မှားမှုတွေ တောက်ပတဲ့အလင်းရောင်တွေ မြင်ရတာမျိုးတွေ ဖြစ်နေနိုင်ပါတယ်။ DMT၊ အင်ဒေါ်ဖင် (Endorphins) နဲ့ အခြားသော နျူရွန်ပို့လွှတ်ပစ္စည်း (Neurotransmitter) တွေကြောင့် ပျော်ရွှင်ကြည်နူးတာတွေ၊ နာကျင်မှုမှ ကင်းကွာတာတွေနှင့် ထင်ရှားသော ပုံရိပ်များမြင်တာတို့ ဖြစ်နိုင်ပါတယ်။
နောက်ပြီး သေဆုံးတော့မည့် နျူရွန်တွေဟာ တိုတောင်းတဲ့ အချိန်အတွင်းမှာ အလျင်အမြန် လှုပ်ရှားမှုများ ဖြစ်ပေါ်တာမျိုးကြောင့် အိပ်မက်ကလိုမျိုးအတွေ့အကြုံများကို ဖန်တီးပေးနိုင်တာလို့ ယူဆကြတာပါ။ ဒါကတော့ သေရွာပြန်လူတွေရဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီးေတာ့ သိပ္ပံပညာရှင်တွေရဲ့ ကောက်နုတ်ချက်အချို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သေဆုံးပြီးနောက် ဘာတွေဆက်ဖြစ်မှာလဲ၊ ဘယ်ကိုရောက်သွားမှာလဲ၊ ဘယ်တော့မှ မသေအောင် တားလို့မရဘူးလား စတာတွေအတွက် ယနေ့အချိန်ထိ ဘယ်သူမှ အဖြေမရှာနိုင်သေးပါဘူး။