November 8, 2025
ဆောင်းပါး
ဝေဟင်နှင့်ရေပြင် ယှဉ်တိုက်ရာဝယ်
မြန်မာ့ရိုးရာဗေဒင်အရ မိမိတို့ မွေးဖွာရာ နေ့ရက်အလိုက် တိရစ္ဆာန်တစ်ကောင်စီ ကိုယ်စားပြုတဲ့အကြောင်းကတော့ ကျွန်မတို့အားလုံး သိရှိပြီးသားပါပဲ။ တနင်္လာနေ့မွေးတဲ့သူဆိုရင် ကျား၊ အင်္ဂါနေ့ မွေးသူဆိုရင် ခြင်္သေ့ စသဖြင့် အသီးသီး ကိုယ်စားပြကြပါတယ်။ ဒါပေမဲ့ နေ့နံ ၇ ခုထဲက ကျွန်မတို့ အပြင်မှာ တစ်ခါမှ မမြင်ဖူးတာကတော့ တနင်္ဂနွေနေ့ကို ကိုယ်စားပြုတဲ့ ဂဠုန်နဲ့ စနေနေ့ကို ကိုယ်စားပြုတဲ့ နဂါးပဲ ဖြစ်ပါတယ်။
အပြင်မှာ မမြင်ဖူးသင့်တိုင်အောင် ပုံတွေမှာပဲ ဖြစ်စေ စာအုပ်တွေထဲမှာပဲဖြစ်စေ သူတို့အကြောင်း၊ သူတို့ပုံစံကို ကာတွန်းနဲ့ ကျွန်မတို့ မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက်မြင်အောင် ပုံဖော်ကြည့်လို့ ရပါတယ်။ ဆိုတော့ ဒီတိရစ္ဆာန်တွေက တကယ်ရှိခဲ့တာလား၊ စိတ်ကူးယဉ်သက်သက်ပဲလား ဆိုတာ ကျွန်မတို့ အနည်းငယ် လေ့လာကြည့်ကြပါစို့။
နဂါးဆိုတဲ့စကားလုံးဟာ အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို အစရှိတဲ့ နိုင်ငံများနဲ့ ရင်းနှီးနေတဲ့ စကားလုံးပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ နဂါးဟာ အစွမ်းရှိတဲ့ မြွေအကြီးကြီးတစ်ကောင်နဲ့ တူတယ်လို့ ယုံကြည်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Serpent ပေါ့။ နဂါးမျက်စောင်းထိုးရင် ပြာကျပါတယ်ဆိုတဲ့အထိ အစွမ်းထက်တယ်လို ဒဏ္ဍာရီတွေက ဆိုပါတယ်။ တရုတ်နိုင်ငံမှာတော့ နဂါးဆိုတာ မြွေခန္ဓာကိုယ်ရှိပြီး ခြေထောက်တွေပါ ပါတဲ့ သတ္တဝါကြီးတစ်ကောင်လို့ ယုံကြည်ကြပါတယ်။ နေကိုတောင် ဝါးမြိုနိုင်ပါသတဲ့။ ဥရောပဘက်မှာရှိတဲ့ နေရာတချို့မှာတော့ နဂါးဆိုတာ ကြီးမာတဲ့ခန္ဓာကိုယ်နဲ့ မီးမှုတ်နိုင်ပြီး ပျံနိုင်တဲ့အကောင်ကြီးတစ်ကောင်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဘယ်လိုပဲ ယဉ်ကျေးမှုတွေပြောင်းပြောင်း၊ လူမျိုးတွေပြောင်းပြောင်း၊ နေရာဒေသတွေပြောင်းပြောင်း နဂါးဆိုတဲ့ သတ္တဝါကြီးကတော့ အစွမ်းရှိတယ်၊ ခွန်အားကြီးတယ်၊ ရှေးကျတယ်၊ မီးနဲ့ သက်ဆိုင်တယ်ဆိုတဲ့အချက်တချို့ကတော့ ပါနေစမြဲပဲ ဖြစ်ပါတယ်။ မြန်မာတွေအတွက်တော့ နဂါးဟာ ရေအောက်မှာနေပြီး အလွန်ကြီးမားပြီး မီးမှုတ်နိုင်စွမ်းရှိတာမို့ ရေဘုရင်လို့တောင် တင်စားထိုက်ပါတယ်။ နဂါးအကြောင်းကို ဗုဒ္ဓဘာသာကျမ်းဂန် တော်တော်များများမှာ တွေ့ရပြီး လူယောင်ဖန်ဆင်းလို့ရတယ်လို့လည်း ဆိုပြန်ပါတယ်။ နဂါးဟာ တစ်နည်းအားဖြင့် နတ်တစ်မျိုးပါပဲ။ နတ်နဲ့နဂါး မလှည့်စားရလို့လည်း အဆိုရှိတယ်မလား။
ငလျင်လှုပ်တဲ့အခါ နဂါးစိတ်ဆိုးလို့လှုပ်တာ၊ နဂါးနေရာရွေ့လို့ လှုပ်တာ၊ ရေကြီးတဲ့အခါ နဂါးမင်းရေချိုးတာ စသည်ဖြင့် ရှေးအခါက ယုံကြည်ကြပါတယ်။ သိပ္ပံပညာ ထွန်းကားလာတဲ့နောက်တော့ ကမ္ဘာကြီးရဲ့ ပြတ်ရွေ့တွေကြောင့် ငလျင်လှုပ်တဲ့အကြောင်း၊ ရာသီဉတုအပြောင်းအလဲတွေ သဘာဝဘေးတွေကြောင့်သာ ရေကြီးတဲ့အကြောင်းများကို သိရှိလာခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အရ နဂါးတွေကို တင်မြှောက်ပူဇော်ပသတာတွေ ဆက်လက်ရှိနေဆဲပါပဲ။
Titanoboa ဆိုတာက ဒိုင်နိုဆောတွေ မျိုးတုံးပျောက်ကွယ်ပြီးနောက်ပိုင် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၀လောက်က Paleocene လို့ခေါ်တဲ့ ခေတ်မှာနေခဲ့တဲ့ မြွေကြီးတစ်မျိုးပါ။ Titanoboa ရဲ့ အရိုးစုတွေကို သိပ္ပံပညာရှင်တွေက ကိုလံဘီယာနိုင်ငံ၊ Cerrejón (Coal Mine) ဆိုတဲ့ဒေသမှာတွေ့ရှိခဲ့ပါတယ်။ Titanoboa က မြေကမ္ဘာပေါ်မှာ တွေ့ရှိခဲ့ဖူးတဲ့ မြွေတွေအာလုံးအထဲ ကိုယ်ထည်အကြီးဆုံးလည်းဖြစ်ပါတယ်။ အရွယ်အစားကတော့ အရှည်အနေနဲ့၁၄ မီတာဝန်းကျင် လုံးပတ်အနေနဲ့ တိုင်ယာတစ်လုံးစာ ရှိပြီး အလေးချိန်အနေနဲ့ ၁,၁၀၀ ကီလိုဂရမ်ကနေ ၁,၃၀၀ ကီလိုဂရမ်အထိရှိပါတယ်။ တချို့သော သိပ္ပံပညာရှင်တွေက Titanoba ကို မြင့်တွေ့ခဲ့လိုက်ရတဲ့ ရှေးဦးလူသားတချို့က နဂါးလို့ ထင်မှတ်ခဲ့ကြတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ ဒါ့အပြင် ဒဏ္ဍာရီတွေ အများအပြားရှိတဲ့ အာရှနိုင်ငံတွေမှာ အရှည် ၁၀ မီတာအထိရှိတဲ့ Burmese Python နဲ့ Reticulated Python တို့လို မြွေကြီးတွေကို တွေ့ခဲ့တဲ့ ရှေးခေတ်လူသားတွေက နဂါးအထင် မှတ်ယူခေါ်ဝေါ်တာဖြစ်နိုင်မလားဆိုတာ စဉ်းစားစရာပါပဲ။
နဂါးတွေဟာ ဒိုင်နိုဆောတွေများ ဖြစ်နေမလားဆိုတဲ့ တွေးဆချက်လည်း ရှိနေပါသေးတယ်။ အထူးသဖြင့် Dragon ဆိုတဲ့အကောင်ကို ရှာတဲ့အခါ ကျောက်ခတ်ဦးမတိုင်မီက ဒိုင်နိုဆောတွေသာ တွေ့ရလေ့ရှိပြီး Naga ကို ရှာရင်တော့ မြွေအကြီးစားတစ်မျိုးကို တွေ့ရပါတယ်။ သမုဒ္ဒရာကြီးလေးစင်းရှိတဲ့အနက် ပစိဖိတ်သမုဒ္ဒရာရဲ့ အကျယ်အဝန်းဟာ ကုန်းမြေဧရိယာစုစုပေါင်းထက် ပိုနေတာမို့ အဲဒီသမုဒ္ဒရာထဲမှာ နဂါးတွေနေနေကြမလားဆိုပြီး တွေးဆသူတွေလည်း ရှိပြန်ပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာဟာလည်း ဒဏ္ဍာရီတွေနဲ့ ရှိနေတာမို့ ဒီထဲလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲ တွေးတောယူဆ သီအိုရီထုတ်နိုင်ပါစေ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဒါဟာ နဂါးပါလို့ သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။ သိပ္ပံပညာအရ မဖော်ထုတ်နိုင်ပေမဲ့ စာပေတွေမှာ ရည်ညွှန်းထားတာမို့ ခေါင်းခြောက်စရာပါပဲ။
မြွေနဲ့ဆင်ပြီး မီးနဲ့ နွှယ်တဲ့အကောင်မလို့ တကယ်သာ ပေါ်ထွက်လာရင်တော့ ကြောက်ဖို့ကောင်းမှာ အမှန်ပါပဲ။ ကျွန်မတို့ လူသားတွေက နဂါးကို ကြောက်ပေမဲ့ နဂါးကို နိုင်တဲ့အကောင်ရှိပါတယ်။ Garuda လို့ခေါ်တဲ့ ဂဠုန်ပါပဲ။
ဂါရုဍကို မြန်မာနိုင်ငံမှာတော့ ဂဠုန် လို့ ခေါ်ကြပါတယ်။ သူက အရှေ့တောင်အာရှ ယဉ်ကျေးမှုတွေမှာ တွေ့ရတဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေထဲက တစ်ကောင်ပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ အမျိုးသားအမှတ်သင်္ကေတလည်း ဟုတ်ပါတယ်။ ပုံမှန်အားဖြင့် လူ့သွင်ပြင်လက္ခဏာတွေပါတဲ့ ကြီးမားတဲ့ငှက်၊ ခွန်အားကြီးမားတဲ့အတောင်ပံနဲ့ ခန့်ညားထည်ဝါတဲ့ ခန္ဓာကိုယ်မျိုးနဲ့ ပုံဖော်လေ့ရှိကြပါတယ်။ မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ စတဲ့ နိုင်ငံတွေမှာ ဂဠုန်ကို ဘာသာရေးဆိုင်ရာ ပြယုဂ်အဖြစ် အလေးထားကြပါတယ်။ ဒဏ္ဍာရီအများအပြားမှာတော့ ဂဠုန်နဲ့ နဂါးဟာ ရန်သူတော်တွေဖြစ်ပြီး ကောင်းကင်နဲ့ ပင်လယ်တို့တိုက်ပွဲ ဆိုပြီး တွေ့ရတတ်ပါတယ်။ ဂဠုန်ဟာ လင်းယုန်ငှက်အကြီးစားနဲ့ ဆင်ပါတယ်။
ဂဠုန်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ သက်သေအထောက်အထားတွေကို ပုံစံမျိုးစုံနဲ့ တွေ့နိုင်ပါတယ်။ ရှေးခေတ် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူကျမ်းဂန်တွေမှာဆိုရင် ဂဠုန်ရဲ့ အစွမ်းထက်ပုံ ပျံသန်းနိုင်ပုံ၊ မကောင်းမှုကို တိုက်ခိုက်ပုံ၊ အဖိုးတန်ရတနာတွေကို ကာကွယ်စောင့်ရှောက်ပုံတွေ ပါရှိပါတယ်။ အရှေ့တောင်အာရှတစ်ခွင်က ဘုရားကျောင်းတွေနဲ့ စေတီပုထိုးတွေမှာ ဂဠုန်ရုပ်တုထွင်းထုတွေကို တွေ့ရပြီး၊ အများအားဖြင့် ဝင်ပေါက်ဝတွေမှာ စောင့်ရှောက်သူအဖြစ် ရှိနေတတ်ပါတယ်။ ဒီယဉ်ကျေးမှုမှတ်တမ်းတွေက ဂဠုန်ဟာ ရာစုနှစ်ပေါင်းများစွာကတည်းက လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ယုံကြည်ချက်တွေကို ပုံဖော်ပေးခဲ့တဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ပြသနေပါတယ်။
သိပ္ပံနည်းကျရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဂဠုန်ဟာ တကယ်ရှိတဲ့ သတ္တဝါဟုတ်မဟုတ်ဆိုတာကို သက်သေပြစရာ ဘာမှမရှိပါဘူး။ သိပ္ပံပညာရှင်တွေဟာ ဂဠုန်လိုယူဆရတဲ့ ဧရာမငှက်နဲ့ လူတစ်ပိုင်း လိုမျိုး ကျောက်ဖြစ်ရုပ်ကြွင်း၊ တွေကို ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် ဂဠုန်ဟာ ဒဏ္ဍာရီသက်သက်ပဲ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဗုဒ္ဓဘာသာကျမ်းဂန်နဲ့ ဟိန္ဒူကျမ်းဂန်တွေမှာ အခိုင်အမာ ရည်ညွှန်းထားတဲ့ ဂဠုန်ဟာ တောင်တွေမှာ နေတယ်ဆိုပေမဲ့ ခုထိတော့ ဘယ်သူမှ မြင်ဖူးခြင်း မရှိပါဘူး။ ဂဠုန်ကို ငှက်ဘုရင် (သို့) လေဘုရင်လို့လည်း တင်စားကြပါတယ်။
သုတေသီတွေကတော့ ရှေးလူသားတွေဟာ လင်းယုန်၊ သိမ်းငှက်လိုမျိုး တကယ့်ကို ကြီးမားတဲ့ငှက်တွေ ဒါမှမဟုတ် ရှေးဦးသမိုင်းကာလတုန်းက ရှိခဲ့ဖူးတဲ့ မျိုးသုဉ်းသွားတဲ့ ဧရာမငှက်ကြီးတွေကနေ မြင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ အဲဒီလို ငှက်ကြီးတွေရဲ့ သားကောင်ဖမ်းတာတွေကို စောင့်ကြည့်လေ့လာပြီး လူသားတွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ ပေါင်းစပ်လိုက်တာကနေ ဂဠုန်ဒဏ္ဍာရီကို ဖန်တီးခဲ့တာ ဖြစ်နိုင်ပါတယ်။
လက်ရှိခေတ်မှာတော့ လင်းယုန်ဟာ မြွေကို စားပါတယ်။ စာပေတွေထဲမှာတော့ ဂဠုန်က နဂါးကို စားပါတယ်။ ဆက်စပ်စဉ်းစားရရင် ကျမ်းဂန်တွေက ဂဠုန်နဲ့ နဂါးဆိုတာကို လင်းယုန်နဲ့ မြွေတွေအကြောင်း ချဲ့ကားရေးတာရော မဖြစ်နိုင်ဘူးလားလို့ တွေးမိပါတယ်။ ဝေဟင်ဘုရင်နဲ့ ရေပြင်ဘုရင်ရဲ့ တိုက်ပွဲတွေကရော ထင်သလောက် မကြီးကျယ်ခဲ့ဘူးလား။ နဂါးက ဘာလို့ ဂဠုန်ကို မီးနဲ့ မမှုတ်နိုင်ရတာလဲ။ နောင်တစ်ချိန်ကျရင်ရော အတိတ်က နဂါးနဲ့ ဂဠုန်လိုအကောင်တွေ မပေါ်လာနိုင်ဘူးလား။ နဂါးတွေက တစ်လှည့်တစ်ပြန်နိုင်တဲ့ ဝေဟင်နဲ့ရေပြင် တိုက်ပွဲတွေရော ဖြစ်နိုင်ဦးမလား။ ဆက်စပ်မေးခွန်းထုတ်စရာတွေ အများကြီးပါပဲရှင်။