Author Image
Novia

November 11, 2025

ဆောင်းပါး

အချိန်ခရီးသွားကြပါစို့

အချိန်တွေကိုသာနောက်ပြန်ဆုတ်လို့ရခဲ့ရင် ဆိုတဲ့အတွေးမျိုး ကျွန်မတို့ တော်တော်များများ တွေးဖူးကြမှာပါ။ ဒါဟာ စိတ်ကူးယဉ်ယဉ်သက်သက်ကနေ တကယ်သာ အချိန်ကိုနောက်ပြန်ဆုတ်လို့ရခဲ့ရင်ကော ဒါမှမဟုတ် အနာဂတ်ကိုသွားခဲ့ရရင်ခဲ့ကော ဘာတွေဆက်ဖြစ်မလဲ။

အချိန်ခရီးသွားခြင်း (Time Travelling) ဆိုတာကတော့ လက်ရှိအချိန်ကနေ အနာဂတ်ဆီကိုပဲ ဖြစ်ဖြစ်၊ ရှေးအတိတ်ဆီပဲ ဖြစ်ဖြစ် ရွေ့လျားသွားလာနိုင်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် သိပ္ပံပညာမှာ အချိန်ကို ကွေးညွတ်နိုင်တယ်၊ ဒါမှမဟုတ် ဆန့်ထွက်နိုင်တယ်ဆိုတဲ့ သီအိုရီတွေ ပေါ်လာပြီးတဲ့နောက်တော့ အချိန်ခရီးသွားတယ်ဆိုတာ ဖြစ်လာနိုင်ချေရှိတဲ့အရာတစ်ခုပါပဲ။

ကျွန်မတို့ကို အချိန်နဲ့ပတ်သက်ပြီး အတွေးပြောင်းသွားစေနိုင်တာက‌တော့ အဲလ်ဘတ် အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ (Theory of Relativity) ပဲဖြစ်ပါတယ်။ သူ့ရဲ့ သီအိုရီအရ အချိန်ဆိုတာ မပြောင်းလဲတဲ့ ကိန်းသေတစ်ခု မဟုတ်ပါဘူး။ အရှိန်နဲ့ ဆွဲငင်အားပေါ်မူတည်ပြီး ပျော့ပြောင်းမှုရှိပြီး ဆန့်ထွက်နိုင်သလို နှေးကွေးသွားနိုင်ပါတယ်။

Time Travelling

အိုင်းစတိုင်းရဲ့ အထူးနှိုင်းရသီအိုရီ (Special Relativity) အရ မိတ်ဆွေတို့က မြန်မြန်ရွေ့လျားလေ၊ အချိန်က နှေးကွေးလေ (Time Dilation) ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အရာဝတ္ထုတစ်ခုဟာ အလင်းနဲ့ အလျင်နဲ့ ရွေ့လျားတဲ့အခါ အချိန်ဟာ သိသိသာသာ နှေးကွေးသွားပါတယ်။ အချိန် နှေးကွေးခြင်း (Time Dilation) လို့ ခေါ်တဲ့ ဒီဖြစ်ရပ်ကို တိကျတဲ့ အနုမြူနာရီတွေသုံးပြီး သက်သေပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍သာ အာကာသယာဉ်မှူးတွေဟာ အလင်းရဲ့အလျင်နီးပါးနဲ့ တစ်နှစ်ကြာ ခရီးသွားပြီး ကမ္ဘာမြေကို ပြန်လာခဲ့ရင် ဆယ်စုနှစ်များစွာ ကုန်လွန်သွားမှာဖြစ်တယ်လို့ ဆိုတာပါ။ ဒီသီအိုရီပေါ်အခြေခံပြီး အနာဂတ်ကို ခရီးသွားခြင်းဟာ သိပ္ပံနည်းကျ ဖြစ်နိုင်ခြေရှိတယ် ဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ်လာတာပါ။

General Relativity – Gravity and Time ခေါ် အထွေထွေနှိုင်းရသီအိုရီအရ ဆွဲငင်အားကလည်း အချိန်ကို သက်ရောက်မှုရှိတယ် လို့ ဖော်ပြပါတယ်။ တွင်းနက် (Black Hole) လိုမျိုး ပြင်းထန်တဲ့ ဆွဲငင်အားရှိတဲ့ အရာတစ်ခုရဲ့ အနီးမှာ မိတ်ဆွေသာ ရှိနေခဲ့တယ်ဆိုရင် အဝေးမှာရှိတဲ့ လူတယောက်နဲ့ နှိုင်းယှဉ်တဲ့အခါ မိတ်ဆွေအတွက် အချိန်က နှေးကွေးသွားပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ အချိန် နှေးကွေးခြင်းရဲ့ နောက်ထပ်ပုံစံတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ဟာ black hole အနီးကို ခရီးသွားလို့ မရနိုင်ပေမဲ့၊ ဒီသီအိုရီက ဆွဲငင်အားဟာ အချိန်ကို ပြောင်းလဲနိုင်တယ်ဆိုတာ ပြသနေပါတယ်။

Time Travelling

Wormholes ဆိုတာ စကြဝဠာထဲက နေရာနှစ်ခု ဒါမှမဟုတ် အချိန်နှစ်ခုကို ချိတ်ဆက်ပေးနိုင်တဲ့ သီအိုရီအရ ဥမင်လိုဏ်ခေါင်းတွေ ဖြစ်ပါတယ်။ သူတို့ တကယ်ရှိခဲ့မယ်ဆိုရင် အတိတ် ဒါမှမဟုတ် အနာဂတ်ကို ခရီးသွားဖို့ ခွင့်ပြုနိုင်ပါတယ်။ ဒါပေမဲ့ Wormhole တွေကို ယနေ့အချိန်အထိ မတွေ့ရှိရသေးတဲ့အတွက် ဒီဟာကတော့ သီအိုရီ သက်သက်တစ်ခုခုသာ ရှိနေပါသေးတယ်။

Cosmic Strings (စကြဝဠာကြိုးများ) ဆိုတာကတော့ Big Bang theory ဖြစ်ပေါ်ပြီးနောက် ပေါ်ပေါက်လာတဲ့ နောက်ထပ်သီအိုရီ တစ်ခု ဖြစ်ပါတယ်။ စကြဝဠာကြိုးနှစ်ချောင်းဟာ တစ်ခုနဲ့တစ်ခု ဖြတ်သန်းသွားရင် အချိန်-နေရာ (Space-Time) ကို ကွင်းတစ်ခုအဖြစ် လိမ်ချိုးသွားနိုင်ပြီး အချိန်ခရီးသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ Wormhole လိုပဲ Cosmic Strings တွေကိုလည်း သက်သေမပြနိုင်သေးပါဘူး။

Time Travelling

အချိန်ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး တစ်ချို့သော သတင်းတွေမှာ ရထားတွဲတွေ ရုတ်တရက်ပျောက်သွားပြီး နှစ်ပေါင်းအတော်ကြာမှ ပြန်ပေါ်လာတာမျိုးတွေ၊ လေယာဉ် ပျံသန်းစဉ်အတွင်း ရုတ်တရက် Radar (ရေဒါ) မှာ ပျောက်သွားပြီး နှစ်အတော်ကြာမှ ပြန်ပေါ်လာတာ ခရီးသည်တွေအာလုံးဟာ အသက်ကြီးမသွားတာ၊ ရှေးဟောင်းဓာတ်ပုံထဲမှာ ယနေ့ခေတ် အဝတ်အစားနဲ့ ယနေ့ခေတ် ပစ္စည်းကိရိယာတွေ တွေ့ရှိရတာ အစရှိတဲ့ ဇာတ်လမ်းဆန်ဆန် အကြောင်းအရာတွေကိုလည်း ကျွန်မတို့ ခဏခဏ တွေ့ဖူးကြပါလိမ့်မယ် ။ ဒီအကြောင်းအရာတွေက အမှန်ပါလို့ သက်သေပြစရာ မရှိသေးတဲ့အတွက် အချိန်ခရီးသွားတာများ ဖြစ်နိုင်လား ဆိုတဲ့ ထင်ကြေးသက်သက်နဲ့ပဲ အဆုံးသတ်သွားပါတယ်။

မိတ်ဆွေတို့အနေနဲ့ရော ဘယ်လိုထင်ပါသလဲ။ အနာဂတ်မှာ အချိန်ခရီးသွားတာက ဖြစ်လာနိုင်မလား။ တကယ်လို့သာ အချိန်ခရီးသွားနိုင်မယ်ဆိုရင် ကမ္ဘာလောကကြီးမှာ ပြောင်းလဲမှုတွေ ရှိလာနိုင်မလား။ ပဟေဠိတစ်ပုဒ်ပဲလား။ ပြောပြပေးပါဦးရှင်။